13 Hours: The Secret Soldiers of Benghazi (2016)
======================================
ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ 13 Hours ဆိုတဲ့ စာအုပ်တစ်အုပ်ကို ပြန်လည် အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထဲ ရန်ကုန်မှာ ရုံတင်ပြသတော့မယ့် 13 Hours: The Secret Soldiers of Benghazi ဇာတ်လမ်းဟာ ကမ္ဘာကျော် ဒါရိုက်တာကြီး Michael Bay ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးထားတဲ့ နိုင်ငံရေး အက်ရှင် ဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ လစ်ဗျားနိုင်ငံ ၊ ဘင်ဂါဇီ မြို့ မှာ အခြေစိုက်တဲ့ အမေရိကန် သံတမန် အဆောက်အဦး ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့တွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ လုံခြုံရေးတာဝန် ပြောင်းလဲ ယူခဲ့ရတဲ့ အဖွဲ့ ဝင် ၆ ယောက်ပါ လုံခြုံရေး တပ်ဖွဲ့  အကြောင်းကို အခြေခံထားပါတယ်။
ဇာတ်ညွှန်းအကျဉ်း ကို ပြောရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းကျောရိုးဖြစ်ပေါ်နေတဲ့ ၂၀၁၂ ခုနှစ်မှာ ဘင်ဂါဇီ မြို့ ဟာ ကမ္ဘာ့အန္တာရာယ်အများဆုံး နေရာတွေထဲက တစ်ခု ဖြစ်နေခဲ့ပြီး နိုင်ငံ အသီးသီးဟာလည်း အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်ခြင်းကို ကြောက်လန့်တဲ့အတွက် သူတို့ရဲ့  သက်ဆိုင်ရာ သံရုံးတွေကို လစ်ဗျားနိုင်ငံကနေ ရုပ်သိမ်းဖယ်ရှားနေကြတဲ့အချိန်ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမေရိကန် ပြည်ထောင်စုကတော့ လျှို့ဝှက်စစ်ဆင်ရေးတစ်ရပ်အရ ဘင်ဂါဇီမြို့ မှာ အမေရိကန်ဆိုင်ရာ သံရုံးကို ဆက်လက်ဖွင့်လှစ်ထားခဲ့ပါတယ်။ အမေရိကန်ရဲ့  လျှို့ ဝှက်စစ်ဆင်ရေးဆိုတာကတော့ The Annex လို့ခေါ်တဲ့ စီအိုင်အေ ရုံးခွဲတစ်ခုပဲ ဖြစ်ပြီး ထိုရုံးကိုတော့ သီးခြား စစ်ဘက်ဆိုင်ရာ အဖွဲ့ ဝင်တွေက ကာကွယ်ပေးနေပါတယ်။
လစ်ဗျားနိုင်ငံ ရဲ့  အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး J.Christopher Stevens ဟာလည်း သံတမန် ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ဘင်ဂါဇီ မြို့ ကို ရောက်ရှိလာပြီး အမေရိကန်နိုင်ငံရဲ့  သမိုင်းဝင်ဖြစ်ရပ် စက်တင်ဘာ ၁၁ ဖြစ်ရပ်ရဲ့  ၁၁ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ အစ္စလာမ် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေက စတင်ပါတော့တယ်။
ဒီဇာတ်လမ်းဟာ စစ်ဘက်ဆိုင်ရာ ဖြစ်ရပ်မှန်တွေကို အခြေခံထားတာကြောင့် အပစ်အခတ် ဇာတ်ကွက်တွေကြားထဲမှာ ဒရာမ ဇာတ်ကွက်တွေကိုတော့ ရုပ်ရှင်ဆန်အောင် ကြားဖြတ် ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် ပါလို့ အခိုင်အမာဆိုထားပေမယ့်လည်း ဒီရုပ်ရှင်မှာ ထည့်သွင်း ရိုက်ကူးထားတဲ့ သမိုင်းဝင် အထောက်အထားတွေရဲ့  တိကျမှုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ ခံနေရပါသေးတယ်။
ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားကြတာကတော့ James Badge Dale ၊ John Krasinski ၊ Max Martini ၊ Toby Stephens ၊ Pablo Schreiber ၊ David Denman ၊ Dominic Fumusa ၊ Freddie Stroma နဲ့ Alexia Barlier တို့ပဲ ဖြစ်ပါတယ်။အော်ရီဂျင်နယ် ၀ထ္ထုစာအုပ်ကိုရေးသားထားတာကတော့ Mitchell Zuckoff ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရိုက်ကူးတဲ့အခါမှာတော့ လစ်ဗျားနိုင်ငံနဲ့ အနီးစပ်ဆုံးဖြစ်မယ့် မော်လ်တာ နိုင်ငံမှာ ၂၀၁၅ခုနှစ် ဧပြီလတုန်းက စတင်ပြီး သွားရောက်ရိုက်ကူးထားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Movie Review ကို Trend MM web site မှကူးယူဖော်ပြပါသည်။