Exit print mode Print Data A+ A- Undo all

Air Doll (2009)

Air Doll (2009)Air Doll (2009)

Synopsis:

“I’m an air doll. A substitute for handling sexual desire.”

အမျိုးသားတွေ လိင်စိတ်ဖြေဖျောက်လိုတဲ့အခါ အသုံးပြုဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ လေမှုတ်အရုပ်ကလေးတစ်ရုပ်ရဲဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ဒီစာသားနှစ်ကြောင်းတည်းနဲ့ ဖော်ပြမယ်ဆိုရင် ဒါဟာ ပြည့်စုံလုံလောက်တဲ့ ဖော်ပြချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံသား ဒါရိုက်တာ Hirokazu Koreeda ရဲ့ Air Doll (2009) ရုပ်ရှင်ထဲက လေမှုတ်အရုပ်မလေး Nozomi အတွက်တော့ ဒီဖော်ပြချက်ဟာ မလုံလောက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက I found a heart လို့ ဆက်ပြောသွားခဲ့လို့ပဲ။ ဒီတော့ ကျနော်တို့ ရုပ်ရှင်ထဲ နည်းနည်း တိုးဝင်ကြည့်ကြတာပေါ့။

တီဗွီဖန်သားပြင်ပေါ် ပုံရိပ်တွေ စတင်ချိန်မှာပဲ လူတစ်ယောက်ဟာ အလုပ်ကနေ အိမ်ကို ပြန်လာနေခဲ့တာကို စမြင်ရပါတယ်။ သူ အိမ်ပြန်ရောက်တော့ သာမန်အတိုင်းပဲ ညစာထမင်းဝိုင်း စားပွဲရဲ့ တစ်ဘက်ခြမ်းမှာ နေရာအကျအနယူပြီး သူ့ရှေ့တည့်တည့်ကတစ်ယောက်ကို စကားစမြည် ပြောနေခဲ့တယ်။ ဒါပေမဲ့ အဲဒီအနေအထားကနေ ကင်မရာမြင်ကွင်းကို တစ်ချက်ရွှေ့လိုက်ချိန်မှာပဲ ရုပ်ရှင်ဟာ စတင်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရှေ့က ထိုင်ခုံမှာ ထိုင်နေတာဟာ သက်ရှိလူသားတစ်ယောက်မဟုတ်ဘဲ နိုဇိုမီလို့ သူ့ဖာသာ နာမည်ပေးထားတဲ့ လိင်မှုကိစ္စအသုံးတော်ခံ လေမှုတ်အရုပ်မလေးတစ်ရုပ် ဖြစ်နေလို့ပါပဲ။ ဒီနေရာမှာ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထားဟာ လူယောကျ်ားတစ်ယောက်အနေနဲ့ သူ့ရဲ့ လိင်စိတ်ကို ဖြေဖျောက်ဖို့ရာ လိင်အင်္ဂါတစ်ခုခုကို လိုအပ်တယ်ဆိုတာထက် ပိုနေခဲ့တယ်ဆိုတာကို သိသာစေခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ ကျနော်တို့ကို ဝမ်းနည်းခြောက်ချားစရာကောင်းလွန်းတဲ့ အထီးကျန်မှုကြီးကနေ ဖန်တီးထုတ်လုပ်လိုက်တဲ့ ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုနဲ့ စတင်မိတ်ဆက်ပေးလိုက်တာပါပဲ။

ဒီနေရာမှာ အိုရှိုးရဲ့ စကားလေးတစ်ခွန်းကို သတိရမိပါတယ်။ လူတစ်ယောက်ဟာ သူ့ဆီမှာ ချစ်ခြင်းမေတ္တာ ပြည့်လျှမ်းလာတဲ့အခါမှာ ကျောက်တုံးတစ်တုံးကိုတောင် သူငယ်ချင်းတစ်ယောက်လို မ,ယူနိုင်စွမ်းရှိပြီး အမုန်းတရားနဲ့ ပြည့်နှက်နေတဲ့အခါမှာတော့ အခြားသော သက်ရှိလူသားတွေအားလုံးဟာ သူ့အတွက် ဘာတန်ဖိုးမှ မရှိတဲ့ သက်မဲ့ပစ္စည်းတွေအဖြစ် ပြောင်းလဲသွားကြတယ်တဲ့။ ကျနော်တို့ဟာ သက်မဲ့အရာဝတ္ထုကလေးတွေကိုတောင်မှ သက်ရှိတစ်ယောက်လို ပြုမူဆက်ဆံနိုင်ကြမယ်ဆိုရင် သိပ်စိတ်ချမ်းသာစရာကောင်းမှာပါပဲ။ ဒါပေမဲ့ လေမှုတ်ရုပ်ကလေးပိုင်ရှင် ဇာတ်ကောင်ဟာ ချစ်မေတ္တာပြည့်လျှမ်းနေတဲ့ လူတစ်ယောက်ဆိုတာထက် အထီးကျန်မှုဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တာကတော့ ဝမ်းနည်းစရာပါပဲ။ သူ့ရဲ့ အပြုအမူဟာ အရုပ်ရဲ့ လိင်ပေါက်ထဲကို လိင်အင်္ဂါ ထိုးသွင်းဆက်ဆံနေတာထက် သူ့ရဲ့ ဘဝဖြတ်သန်းမှုထဲမှာ လွင့်စင်ပဲ့ထွက်သွားခဲ့ကြတဲ့ ဝေဒနာခံစားမှုတွေကို ဒီအပေါက်ကလေးထဲ ဖိနှိပ်ထည့်သွင်းသိမ်းဆည်းနေတဲ့သဘောပဲ ပိုဆန်နေခဲ့တယ်။

ဇာတ်ကြောင်းဟာ အရုပ်ပိုင်ရှင်ဆီကနေ အရုပ်မလေးဆီကို ဆက်သွားခဲ့တယ်။ I found a heart လို့ ဆိုခဲ့သလိုပဲ အရုပ်မလေးဟာ အသက်ဇီဝနဲ့ ခံစားတတ်တဲ့ နှလုံးသားကို ရရှိသွားတယ်။ နှလုံးသားနဲ့ အသက်တာကို ရတာဟာ ကမ႓ာလောကကြီးကို ရတာပါပဲ။ မွေးကင်းစကလေးငယ်တစ်ယောက်လိုပဲ အရာရာတိုင်းဟာ သူ့အတွက် သစ်လွင်လတ်ဆတ်ပြီး လေ့လာသင်ယူချင်စရာတွေ ပြည့်နှက်လို့။ ဆီလီကွန်မဟုတ်တဲ့ အပေါစား လေမှုတ်ရုပ်တွေမှာပါတတ်တဲ့ ဆက်ကြောင်းကလေးတွေကို မိတ်ကပ်နဲ့ ဖုံးဖိဖျောက်ဖျက်ပြီး လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ နိုဇိုမီရဲ့ ပုံရိပ်တွေဟာလည်း အားအင်အပြည့်နဲ့ပါပဲ။ အခွေငှားဆိုင်လေးတစ်ဆိုင်မှာ အလုပ်ဝင်ရင်း အခြားတစ်ဘက်မှာလည်း လူ့ဓလေ့သဘာဝတွေကို သင်ယူနေခဲ့တယ်။ ဘဝဆိုတာ တစ်ယောက်တည်းနဲ့ ဘယ်သောအခါမှ မပြီးပြည့်စုံနိုင်ဘူး၊ အခြားတစ်ယောက်ယောက်ကသာလျှင် ဖြည့်ဆည်းပေးနိုင်တဲ့ လပ်ဟာမှုကလေးတစ်ခုပါဝင်ပြီးသားဆိုတဲ့ ကဗျာစာသားကလေးတစ်ခုကိုလည်း သိမှတ်နားလည်လာခဲ့တယ်။ အဲဒီလို သိနားလည်လိုက်ချိန်မှာပဲ သူနဲ့ အလုပ်အတူတူတွဲလုပ်နေတဲ့ ကောင်လေးကို သူ ချစ်နေမိပြီဆိုတာကိုလည်း ခံစားလာခဲ့ရတယ်။

တစ်ရက်မှာတော့ အလုပ်လုပ်နေရင်း လက်ဖျံကို အချွန်နဲ့ခြစ်မိပြီး နိုဇိုမီ လဲကျသွားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက လေတွေလည်း အပြင်ကို ထွက်သွားတဲ့အတွက် ပုံပျက်ပန်းပျက် ပြားချပ်သွားတယ်။ သူ့ရဲ့ အစစ်အမှန်ဖြစ်ရှိမှုဟာ နိုဇိုမီကို ရှက်ရွံ့သိမ်ငယ်စေခဲ့တယ်။ အဲဒီအခြေအနေမှာ အနားမှာ ရှိနေတဲ့ သူ့လုပ်ဖော်ကိုင်ဖက်ကောင်လေးက သူ့ကို လေပြန်မှုတ်သွင်းပေးပြီး မူလအခြေအနေ ပြန်ရောက်အောင် ကူညီခဲ့တယ်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ ‘ငါလည်း မင်းလိုပါပဲ၊ ဘာမှထူးပြီး ခြားနားမနေပါဘူး’လို့ ပြောသွားခဲ့တယ်။ ဒီစကားဟာ နိုဇိုမီအတွက်တော့ အရာရာပါပဲ။ (အရုပ်ဘဝကနေ အသက်ဝင်ပြီး လူအဖြစ်ကို ရထားတာ) သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အသိက သူ့ကို အတိုင်းအဆမရှိတဲ့ ပျော်ရွှင်ခြင်းကို ပေးခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးနဲ့အတူ လျှောက်သွားလျှောက်လာ လုပ်ကြရင်းက ချစ်တင်းနှီးနှောဖို့ အခြေအနေကို ရောက်လာခဲ့တယ်။ အဲဒီ အခြေအနေမယ် ကောင်လေးက သူ လုပ်ချင်တာ တစ်ခုရှိတယ်တဲ့။ အဲဒါက မင်းရဲ့ လေတွေကို အပြင်ကို ထုတ်ပစ်ချင်တာတဲ့။ ဒါပေမဲ့ မပူပါနဲ့၊ အရင်လိုပဲ ပြန်မှုတ်သွင်းပေးမှာပေါ့တဲ့ (အိပ်ရာပေါ်မှာ အမျိုးသမီးတစ်ယောက် ပက်လက်လှန်လှဲနေပြီး အမျိုးသားတစ်ယောက်က သူမရဲ့ ချက်နေရာကို လေလျှော့လိုက် လေပြန်မှုတ်သွင်းလိုက် လုပ်နေတဲ့ အဲဒီ ဇာတ်ဝင်ခန်းဟာ ကျနော့်ကို အတော်လေးထူးဆန်းတဲ့ ခံစားချက်မျိုး ပေးနိုင်ခဲ့ပါတယ်)။ သူ လေတစ်ချက်မှုတ်သွင်းလိုက်တိုင်း နိုဇိုမီရဲ့ ရင်ဘတ်မာတင်းသွားပြီး လေလျှော့လိုက်တိုင်း ပြန်ပြေလျော့သွားတဲ့ပြကွက်ဟာ erotic ဖြစ်လွန်းပြီး တစ်ချိန်တည်းမှာပဲ လိင်မှုကိစ္စကို ကျော်လွန်နေတဲ့သဘောကိုလည်း ဆောင်နေခဲ့တယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကြားထဲက ဆက်စပ်နေတဲ့ အသက်ဓာတ်ကို လှစ်ဟပြနေသလိုမျိုးတောင် ခံစားရတယ်။

ဒီလိုနဲ့ နှစ်ဦးသားလိင်ဆက်ဆံပြီးလို့ အိပ်ရာဝင်ကြချိန်မှာ နိုဇိုမီဟာ အိပ်ရာကနေထပြီး သူ့နံဘေးမှာ အိပ်ပျော်နေတဲ့ ကောင်လေးရဲဲ့ ချက်နေရာတည့်တည့်ကို (ဓားလို့ထင်ရတဲ့) အရာတစ်ခုနဲ့ ထိုးခွဲလိုက်တယ်။ ပြီးတော့ ကောင်လေးကို လေမှုတ်သွင်းလို့ရတဲ့နေရာက ဘယ်မှာလဲလို့ မေးလိုက်တယ်။ ကောင်လေးက ဘာမှပြန်မပြောနိုင်တဲ့အခါမှာ သူ့ဘာသာ ပါးစပ်ကနေပဲ အနမ်းချင်းဖလှယ်သလို သဘောထားပြီး မရပ်တမ်း လေမှုတ်သွင်းပေးနေခဲ့တယ်။ ဒါပေမဲ့ သူပြန်ရတာကတော့ အဆက်မပြတ် စိမ့်ထွက်နေတဲ့ သွေးတွေသက်သက်ပဲ။ ဘာကြောင့်လဲ။ ငါလည်း ထူးပြီး ခြားနားမနေပါဘူးလို့ ပြောခဲ့သူတစ်ယောက်ကို ဘာဖြစ်လို့ သူကိုယ်တိုင်လိုမျိုး လေပြန်မှုတ်သွင်းပေးပြီး အသက်ပြန်ရှင်သန်စေလို့ မရတာလဲလို့ နိုဇိုမီ နားမလည်နိုင်ခဲ့ဘူး။

ဒီလိုနဲ့ပဲ နိုဇိုမီ နားမလည်နိုင်တဲ့အရာကို ကျနော် နားလည်ဖို့ ကြိုးစားမိတယ်။ အဲဒီမှာ တစ်ခုသတိထားမိသွားတာက ပြကွက်တစ်ခုမှာ အရုပ်ပိုင်ရှင်ရဲ့ သမီးလေး ကျောင်းပိတ်လို့ အိမ်ကို ပြန်လာတော့ ညစ်ညမ်းလေမှုတ်ရုပ်တစ်ရုပ်ဖြစ်တဲ့ သူ့ကို ချောင်တစ်ခုထဲ ထိုးထည့်ခဲ့တယ်။ ဖခင်ဖြစ်သူက ရှာမတွေ့တဲ့အဆုံးမှာ အရုပ်အသစ်တစ်ရုပ် ထပ်ဝယ်ခဲ့တယ်။ အဲဒီ အရုပ်ကလေးကိုလည်း နိုဇိုမီလို့ ခေါ်ဝေါ်သုံးစွဲနေခဲ့တယ်။ ဒါဟာ အစားထိုးခြင်းဖြစ်စဉ်ပါပဲ။ နိုဇိုမီဟာ တကယ်တော့ နိုဇိုမီ မဟုတ်ပါဘူး။ ဒီအမည်နာမကိုက သူ့ပိုင်ရှင်ရဲ့ အရင်ဇနီးဟောင်းဖြစ်ပုံရတဲ့ မိန်းမတစ်ယောက်ရဲ့ နာမည်ပါ။ ဒီလိုပဲ သူ့ကောင်လေးအိမ်ကို လိုက်သွားတုန်းကလည်း သူ့ကောင်လေးနဲ့ အရင်တုန်းက ချစ်သူဖြစ်ခဲ့ပုံရတဲ့ မိန်းမတစ်ယောက်နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ မြင်တွေ့ခဲ့ရပါသေးတယ်။ သူ ဓာတ်ပုံကို ကြည့်ရှုနေချိန်မှာ ကောင်လေးက ‘မင်းခန္ဓာကိုယ်ထဲကနေ လေတွေ ထွက်သွားတုန်းက နာလား’လို့ မေးတဲ့မေးခွန်းနဲ့ တိုက်ဆိုင်သွားပြီး သူက စုံတွဲပုံလေးကို ပွတ်သပ်နေရင်း ‘နာကျင်ရတယ်’လို့ ပြန်ဖြေခဲ့တယ်။ ဒါဟာ နှလုံးသားကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့ နိုဇိုမီရဲ့ ခံစားမှုဝေဒနာကို တစ်ပိုင်းတစ်စ ဖော်ထုတ်ပြလိုက်တာလည်း ဖြစ်တယ်။

တကယ်တမ်းဆိုရင် ကောင်လေးကော အရုပ်ပိုင်ရှင်ကော နှစ်ယောက်စလုံးဟာ နိုဇိုမီကို သူတို့ရဲ့ လပ်ဟာနေတဲ့ ခံစားချက် ဗလာဖြစ်မှုထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့ကြသူတွေပါပဲ။ နိုဇိုမီရဲ့ မူလ ဖြစ်တည်မှုအပေါ်မှာ ချစ်မြတ်နိုးကြခြင်းထက် သူတို့ရဲ့ ဘဝကို ပြီးပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်တဲ့ ဆုံးရှုံးခဲ့ရပြီဖြစ်တဲ့ အခြားသောသူတစ်ယောက်ရဲ့ ပုံရိပ်ကို နိုဇိုမီ့ဆီမှာ တပ်ဆင်ပြီး ဝေဒနာလျော့ပါးအောင် ဖြေဖျောက်နေကြသူတွေပါ။ တစ်နည်းအားဖြင့် ဒါဟာ ခံစားချက်အပြည့်အဝနဲ့ လူသားဖြစ်ချင်နေသူတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ်မှာ အဆုံးစွန်သော ချိုးနှိမ်စော်ကားမှုတစ်ခုပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အစားထိုးခံ အဖြည့်ခံ အခြေအနေမျိုး မဖြစ်ရပါဘူး။ ဒါဟာ မှားယွင်းမှုတစ်ခုသက်သက်ပါပဲ။ ‘ငါလည်း မင်းလိုပဲ ဘာမှထူးပြီး ခြားနားမနေပါဘူး’ဆိုတဲ့ စကားရပ်ဟာ ငါလည်း မင်းလို လေမှုတ်ရုပ်ကနေဖြစ်လာတဲ့ လူသားတစ်ယောက်ဆိုတာထက် ခံစားချက်အပြည့်အသိပ်နဲ့ လူသားတစ်ယောက်အဖြစ်ကနေ ရင်ဘတ်ထဲမှာ လေတွေလိုမျိုး ဗလာဖြစ်မှုပဲ ကျန်ရှိတော့တဲ့ လေမှုတ်ရုပ်လို လူသားတစ်ယောက်ပါပဲလို့ ဆိုလိုမှန်း သိလိုက်ချိန်မှာတော့ နိုဇိုမီဟာ လမ်းဘေးက အမှိုက်ပုံထဲမှာ သူ့ကိုယ်သူ စွန့်ပစ်လိုက်ပါတော့တယ်။ သူ့စိတ်ကူးထဲမှာတော့ သူ့အနေနဲ့ ပိုင်ဆိုင်နိုင်ခွင့် မရှိခဲ့တဲ့ အသက်ရှင်သန်မွေးဖွားမှုရဲဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ မွေးနေ့ပွဲလေးတစ်ပွဲကို မြင်ယောင်တမ်းတလို့။ အဆုံးသတ်မှာတော့ ပီနိုချီယိုနဲ့ စတင်ပြီး AI:Artificial Intelligence တို့ Zoe တို့အထိ ကျဆုံးခဲ့ရတဲ့ လူသားသိပ်ဖြစ်ချင်ရှာတဲ့ အရုပ်တစ်ရုပ်ရဲ့ ခံစားချက်ဟာ ဆိုးဝါးတဲ့ ဇာတ်သိမ်းနဲ့ပဲ ရင်နာဖွယ် ထပ်ကျော့ပြန်လည်ပတ်သွားခဲ့တယ်။

လေမှုတ်ရုပ်ကလေးတစ်ရုပ်ဖြစ်ပေမဲ့ I found a heart လို့ ပြုံးရွှင်စွာ ပြောနိုင်သွားတဲ့ နိုဇိုမီကို မြင်လိုက်ရချိန်ဟာ ကျနော့်ကို ကြည်နူးပျော်ရွှင်စေခဲ့ပါတယ်။ ဒါပေမဲ့ ပျော်ရွှင်ခြင်း မျက်နှာစာတစ်ခုတည်းနဲ့တင် ဘဝဟာ မလုံလောက်ဘူးမလား။ Koreeda က ရက်ရက်စက်စက်ပဲ သူ့ဇာတ်ကောင်ကို နောက်ဆက်တွဲ စကားတစ်ခွန်းကို ထပ်ပြောစေလိုက်တယ်။

“Having a heart was heartbreaking” တဲ့

အဲဒီ စာသားတစ်ကြောင်းတည်းနဲ့ Air Doll ဟာ ကျနော့်ကိုပါ အသည်းခွဲသွားခဲ့တယ်။

– ဆစ်ခ် –
မတ်၊ ၂၀၁၉

ps. ၂၀၁၈ ခုနှစ် Cannes ရုပ်ရှင်ပွဲတော်ရဲ့ Palme d’Or ဆုရ Shoplifters ကို ကြည့်ပြီးချိန်ကတည်းက Hirokazu Koreeda ရဲ့ လက်ရာတွေ အကုန်လုံးကို ကြည့်ချင်စိတ်ဖြစ်လာတဲ့ ချင်ခြင်းတပ်မှုတစ်ခုကို Air Doll နဲ့ တစိတ်တပိုင်းတော့ ဖြေဖျောက်လိုက်နိုင်သလိုပါပဲ။ ဂျပန် Manga ရုပ်ပြဇာတ်ကွက်တစ်ခုကနေ အခြေပြု ဖြစ်တည်လာတယ်ဆိုတဲ့ ဒီရုပ်ရှင်ရဲ့ အတတ်ပညာပိုင်းတွေ ဘာတွေကိုတော့ မပြောချင်တော့ပါဘူး။ ဘားမားခရိုနီကယ် စာအုပ်ရေးသားသူ ကမ႓ာကျော်ကာတွန်းဆရာ ဂီးဒလေ မြန်မာဗီဒီယိုကားတွေအပေါ် မှတ်ချက်ချခဲ့တဲ့အတိုင်းပြောရရင် အပေါစားကင်မရာစောက်စုတ်နဲ့ မျက်ခွက်တည့်တည့်တွေကိုချည်း zoom ဆွဲပြီး ချိန်ရိုက်နေရင်တောင်မှ ဒီရုပ်ရှင်ဟာ ကောင်းနေဦးမှာလို့ပဲ ခံစားရပါတယ်။ အဲဒီအတွက်လည်း ဖန်တီးသူ ဒါရိုက်တာ Koreeda ကို ကျေးဇူးတင်ရုံအပြင် တခြားမရှိပါဘူး။

အညွှန်းအတွက် မူရင်းရေးသားပေးထားသော ဖေ့ဘုတ်အကောင့် ကို Tin Aung Hein

အားအထူးပင်ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ…..

ကွာလတီပိုင်းမှာ ပြောစရာမရှိပေမယ့် Audio ပိုင်းကိုတော့ သေချာလေး စီစစ်ပြီး ပြုလုပ်နေရတာဖြစ်တဲ့အတွက် အနည်းငယ်ကြာမြင့်သွားခြင်းဖြစ်ပါတယ်….

ယုံကြည်စိတ်ချစွာဖြင့်… ကြည့်ရှုနိုင်ပါပြီခင်ဗျာ…

 

Translator — Aung Myint Thu

Encoder — Sai Wunna

Original title
Air Doll
Director
Hirokazu Kore-eda
Stars
Arata Iura, Bae Doo-na, Itsuji Itao, Joe Odagiri, Kimiko Yo, Mari Hoshino, Miu Naraki, Sumiko Fuji, Tasuku Emoto, Tomomi Maruyama
Release Date
26 Sep 2009
Rated
Unrated
Runtime
125 min
Awards
1 win & 4 nominations.
Country
Japan
Popularity
4.881
Status
Released
ID IMDb.com
tt1371630
IMDB Rating
6.9
IMDB votes
5,278
ID Themoviedb.org
25053
TMDb Rating
6.7
TMDb votes
83