Argo (2012)
တကယ်လို့ပေါ့။ ကျွန်မတို့နိုင်ငံနဲ့ စစ်အကြီးအကျယ် ဖြစ်နေတဲ့ တိုင်းပြည်တစ်ခုထဲကို ခိုးဝင်ပြီး ကိုယ့်နိုင်ငံသား လေးငါးယောက်လောက်ကို အသက်စွန့်ပြီး သွားကယ်ပါလို့ ရှင့်ကို တိုင်းပြည်က တာဝန်ပေးမယ်ဆိုရင် ရှင်ဘယ်လိုဆုံးဖြတ်မလဲ။ တခြားလူတော့မသိဘူး။ ကျွန်မသာဆိုရင်တော့ မသွားရဲဘူး။ မသကာ မရှုမလှ အသတ်ခံရမှာ ၊ အလောင်းပြန်ကောက်လို့ရရင်တောင်မှ ကံကောင်း။ ကိုယ်သွားရမယ့်နေရာက အစွန်းရောက် အကြမ်းဖက်သမားတွေ .. လူသားအားလုံးကို .. ယုတ်စွအဆုံး သူတို့လူမျိုးအချင်းချင်းတောင် ရန်စောင် သံသယ၀င်နေကြတဲ့ မလုံမခြုံနေရာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ပြောနေဖို့တောင် လိုတော့မယ် မထင်။ ဒါပေမယ်လို့ ဒီလို စွန့်စားသွားရောက်ခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတာမို့ ကျွန်မ အခုပြန်ပြောပြမယ့် ပုံပြင်ဖြစ်လာပါတယ်။
Argo လို့ခေါ်တယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ကြား ကာလတွေလောက်က ဘာသာရေး အစွန်းရောက်တွေ ဦးဆောင်တဲ့ အီရန် တော်လှန်ရေးအဖွဲ့တွေဟာ အီရန်မှာရှိတဲ့ အမေရိကန် သံရုံးကို ၀င်စီးခဲ့ကြတယ်။ သံရုံးထဲကို လူတွေ ၀င်လာပြီဆိုတာကို သိတာနဲ့ တပြိုင်နက် သံရုံးက အချက်အလက်တွေ အားလုံးကို သံဝန်ထမ်းတွေက ဖျက်ဆီးတန်တာ ဖျက်ဆီး၊ မီးရှို့တန်တာ ရှိ့ လုပ်ပြီး ထွက်ပြေးကြတယ်။ ဒီအရေးအခင်းမှာ အီရန်အစွန်းရောက်တပ်ဖွဲ့တွေက အမေရိကန် သံဝန်ထမ်း ၆၆ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါပေမယ်လို့ အဲဒီထဲက ခြောက်ယောက်ဟာတော့ ကနေဒါ သံအမတ်ရဲ့ ကယ်ဆယ်မှုနဲ့ သံအမတ်ရဲ့နေအိမ်မှာ ခဏတာ ခိုလှုံခွင့် ရခဲ့ကြတယ်။ အမေရိကန် နိုင်ငံသားတွေ ပြန်လည် လွတ်မြောက်လာရေးအတွက် အမေရိကန် အစိုးရက Tony Mendez အမည်ရှိတဲ့ ကယ်ဆယ်ရေးသမားတစ်ဦးကို တာဝန် ပေးတယ်။ တိုနီရဲ့ အကြံကတော့ ကလေးဆန်လွန်းတယ်ထင်ရပေမယ်လို့ အတော်ကြီး ဆရာကျတဲ့ အပိုင်ကွက် ဖြစ်တယ်။ သူ့အကြံမှာ ဟောလိဝွဒ်က သူယုံကြည်ရတဲ့ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ပူးပေါင်းပြီး သိပ္ပံနယ်လွန်ဇာတ်ကားတစ်ခုရိုက်ဖို့ အတွက် အီရန်ကို ရိုက်ကွင်းလေ့လာဖို့ ရောက်လာတဲ့ ကနေဒါ ရုပ်ရှင်အဖွဲ့အနေနဲ့ ရုပ်ဖျက်ပြီး အတားအဆီးတွေ အများကြီး အလုံအလောက်ရှိနေတဲ့ အီရန်လေဆိပ်ကနေ လေယာဉ်စီးပြီး ခပ်တည်တည် ပြန်ဖို့ပဲ။ ဒီဇာတ်ကားကို တကယ့်ဖြစ်ရပ်မှန်ပေါ် မူတည်ပြီး ရိုက်ကူးထားတာပါလို့ ဒါရိုက်တာ တစ်ဖြစ်လဲ Tony Mendez အဖြစ် သရုပ်ဆောင်ခဲ့သူ Ben Affleck က ပြောတယ်။
ရထားတဲ့ အချိန်လေး နည်းနည်းအတွင်းမှာ ဒီလူခြောက်ယောက်နဲ့ သွားတွေ့ဆုံဖို့၊ ကနေဒါ နိုင်ငံသားအဖြစ် ဟန်ဆောင်ပြီး ပတ်စပို့အတုတွေနဲ့ လေဆိပ်ကို ၀င်ဖို့ ၊ သူ့ရဲ့ အစီအစဉ်တွေကို အမေရိကန် အစိုးရကို တင်ပြတဲ့အခါ ရယ်တဲ့လူက ရယ်၊ ပယ်တဲ့သူက ပယ် ပေါ့။ ဒါပေမယ်လို့ နောက်ဆုံးမှာ သူ့ရဲ့ ထက်သန်မှုအတွက်၊ ဒါမှမဟုတ်၊ သူနဲ့ကလွဲလို့ တခြားဘယ်သူ့ကိုမှ စိတ်ချလက်ချ လွှတ်မရတဲ့အခြေအနေတွေအတွက် အမေရိကန် အစိုးရက သူ့ကို ယုံကြည်ပြီး စေလွှတ်လိုက်တယ်။
အီရန် လေဆိပ်ကို ကနေဒါနိုင်ငံသားတစ်ယောက်အနေနဲ့ တိုနီဝင်လာချိန်၊ လေဆိပ်မှာ စီးထားပြီးသား အကြမ်းဖက်သမားတွေရဲ့ မျက်လုံးနက်နက် တောက်တောက်တွေ၊ သေနတ်ပြောင်း တလက်လက်တွေနဲ့ အရယ်အပြုံး ကင်းမဲ့တဲ့ လူအုပ်ကြီး ၊ တစ်ခုခုကို အမြဲကြောက်လန့်နေရသလို ပြည်သူတွေနဲ့ အမြဲရန်လိုနေတတ်တဲ့ လက်နက်ကိုင်တွေ ကြား တိုနီဘယ်လိုမျက်နှာနဲ့ ခပ်တည်တည်လုပ်ပြီး ဖြတ်သန်းခဲ့သလဲ။ ကနေဒါသံအမတ်ကြီး အိမ်ကို ရောက်သွားတဲ့ အချိန်မှာ (ကိုယ့်အိမ် ကိုယ်ပြန်ကြဖို့ ခင်ဗျားတို့ကို ကျနော် လာခေါ်တာ) လို့ တိုနီက ပြောလိုက်ချိန်မှာ ဖြစ်သွားကြတဲ့ သံဝန်ထမ်း ခြောက်ယောက်ရဲ့ မျှော်လင့်ချက် တစ်မျက်နှာချင်းစီ၊ တိုနီရဲ့ အကြံကို စတင်ပြောပြလိုက်ချိန်မှာ ဖြစ်သွားတဲ့ သူတို့ခြောက်ယောက်ရဲ့ အားလျော့မှု ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ မယုံရဲမှုတွေ၊ တိုနီ မန်ဒက်ဇ် ဘယ်လို စည်းရုံး ပြောဆို ခဲ့သလဲ။ ဇာတ်လမ်းကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့လို့ ဒီဇာတ်ကားထဲက ဒိုင်တွေကိုတော့ အရမ်းအမြောက်ကြီး ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး။
တိုနီ မန်ဒက်ဇ်ရဲ့ ဟန်ပြရုပ်ရှင်ကားနံမည်ကို အာဂို (Argo) လို့ ပေးထားတယ်။ အပူပိုင်းဒေသလို နေရာမျိုးမှာ ရိုက်ကူးမှ တခြားကမ္ဘာတစ်ခုလို့ ထင်ရစရာ ရှိတဲ့အတွက် အီရန်လိုနေရာမျိုးမှာ ရိုက်ကွင်းလာလေ့လာတာပါဆိုတဲ့ အချက်နဲ့ အီရန်ထဲ သူဝင်လာတယ်။ အပြန်မှာ သူနဲ့အတူ နောက်ထပ်ခြောက်ယောက်ကိုပါ ကနေဒါ ရုပ်ရှင်အဖွဲ့သားတွေ အဖြစ် ရုပ်ဖျက် ခေါ်ထုတ်သွားဖို့ သူတာဝန်ယူရတယ်။ တာဝန်ယူရမယ်။ ဒီဇာတ်ကားထဲက တစ်ယောက်ချင်းစီတိုင်းရဲ့ သဘာဝကျတဲ့ အပိုအလိုမရှိ လှုပ်ရှားဟန်တွေအားလုံးကို ကျမတော့ အရမ်းသဘောကျတယ်။ ကဲ .. ဟုတ်ပြီ။ အားလုံးက တိုနီရဲ့ ကလေးဆန်တဲ့ ရုပ်ရှင်ရိုက်ကူးရေးမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ကြပြီ။ တိုနီပေးထားတဲ့ အချက်အလက်အတုတွေ အားလုံးကိုလည်း အလွတ်ကျက်မှတ်ပြီးကြပြီ။ တိုနီပြောထားတဲ့ ရုပ်ဖျက်ပုံ ဖျက်နည်းတွေကိုလည်း သိထားကြပြီးပြီ။ ဒီအချိန်မှာ အမေရိကန် အစိုးရကနေ တိုနီ့ဆီကို ဖုန်းဝင်လာတယ်။ တိုနီကယ်ဖို့ မလိုတော့ဘူးတဲ့၊ CIA က ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းလိမ့်မှာမို့ တိုနီ့ကို ဓားစာခံတွေကို သံအမတ်အိမ်မှာပဲ ထားခဲ့ပြီး တစ်ယောက်တည်း ပြန်လာခဲ့ဖို့ အမိန့် ပေးလာတယ်။ တိုနီ ဘယ်လိုဆုံးဖြတ်လိမ့်မှာလဲ။ သူတို့ရိုက်ပြသွားတဲ့ နှစ်ရက်စာလောက် အချိန်ကလေးကို တဆင်းပြီး တဆင်း ကြည့်ရင်း ရှင်တို့ပါ အသက်လိုက်တိုလာသလို ခံစားရလိမ့်မယ်။ သူတို့မျက်နှာပေါ်က တစ်ယောက်ချင်းစီတိုင်းရဲ့ စိုးရိမ်မကင်း ထိတ်လန့်ကြောက်ရွံ့နေရတဲ့ အမူအရာတွေကို ရှင်တို့ကြည့်ရင်း သူတို့ရဲ့ ထိတ်လန့်မှုရေစီးတွေဟာ ရှင်တို့ နှလုံးသားထဲကို မျောဝင်လာလိမ့်မယ်။ Marvel နဲ့ DC ကရိုက်တာ မဟုတ်တဲ့ လူသားအစစ် သူရဲကောင်းတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေကိုလည်း ရှင်တို့ တွေ့ရဦးမယ်။ ကျေနပ်ဖို့ကောင်းပါတယ်။
Argo ကို ၂၀၁၂ မှာရုံတင်တယ်။ ရုံတင်တင်ချင်းမှာပဲ ရုံဝင်ကြေး ကန်ဒေါ်လာ၂၃၂.၃ သန်း ရရှိတယ်။ ကုန်ကျစရိတ် ၄၄.၅ သန်း ကန်နဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် Ben Affleck က တာဝန်ယူရိုက်ကူးတယ်။ အဓိက ဇာတ်ဆောင်လို့ ပြောလို့ရတဲ့ Tony နေရာမှာလည်း သူပဲပါဝင် သရုပ်ဆောင်ထားတယ်။ တကယ့်အပြင်လောကက Tony Mendez ကို နိုဝင်ဘာ ၁၅ ၊ ၁၉၄၀ မှာ မွေးဖွားတယ်။ နံမည်ရင်း Antonio Joseph Tony Mendez ဖြစ်တယ်။ သူရေးသားခဲ့တဲ့ The Master of Disguise နဲ့ Joshuah Bearman ရေးသားတဲ့ The Great Escape ၀တ္ထုနှစ်ခုကို ပေါင်းစပ်ပြီး Argo ဇာတ်လမ်းကို ဖန်တီးခဲ့တယ်။ ဇာတ်ညွှန်းသမားကတော့ နံမည်ကျော် ဇာတ်ညွှန်းရေးဆရာ Chris Terrio ။ Ben Affleck နဲ့အတူ Alan Arkin ,John Goodman , Victor Garber , Tate Donovan ,Clea DuVall , Scoot McNairy , Rory Cochrane ,Christopher Denham, Kerry Bishé ,Kyle Chandler ,Chris Messina ,Zeljko Ivanek ,Titus Welliver ,Keith Szarabajka ,Bob Gunton , Richard Kind , Richard Dillane ,Omid Abtahi ,Page Leong , Farshad Farahat ,Sheila Vand နဲ့ Karina Logue တို့ က အပြိုင်ကြဲထားတယ်။
လူကြိုက်အများဆုံး ဇာတ်ကားဖြစ်ခဲ့ပြီး ရုံတင်ငွေ သန်းရာချီအမြတ်အစွန်းရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ရုပ်ရှင်ပွဲတော် အတော် များများနဲ့ အော်စကာပွဲတို့တွေမှာ လျာထားစာရင်းများစွာ ၀င်တယ်။ အကောင်းဆုံး ဇာတ်ညွှန်းဆု၊ ဒါရိုက်တာနဲ့ ဇာတ်ပို့ဆု အပါအ၀င် အခြားဆုပေါင်းများစွာ ရရှိတယ်။ သူ့အတွက် ကမ္ဘာကျော် ရုပ်ရှင်ဝေဖန်ရေးများစွာကလည်း အကောင်းမြင် ဝေဖန်ရေးတွေပဲ အဓိကရေးခဲ့ကြတယ်။ Thriller / Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်လို့မို့ ရှင်တို့ကို မကြည့်ရသေးရင်ပေါ့ … အချိန်လေး မိနစ် ၁၂၀ လောက် ပေးပြီး ကြည့်ကြည့်စေချင်တယ်။
၁၉၇၉ နိုဗဲန်ဘာ ၄ ရက်နေ့က ဖြစ်ခဲ့တဲ့ အီရန်မှာရှိတဲ့ အမေရိကန်သံရုံး အစီးခံရတဲ့ အဓိကရုဏ်းကနေ စတင်လိုက်တဲ့ အသက်ခြောက်ချောင်း ကယ်ဆယ်ရေး အစီအစဉ်ကြီးကို ကျမတို့ ရင်တမမနဲ့ ကြည့်ကြည့်ကြတော့မလား။ တစ်ခါတစ်လေမှာ အသက်ရှူဖို့ပါ မေ့မေ့သွားတဲ့အထိပေါ့။ ကျမ ညွှန်းတာ တအားများ ပိုနေမလားလို့တော့ တွေးမိသား။ ဒါပေမယ်လို့ …. ကြည့်ကြည့်ကြရအောင်လေ .. နော ..။
Movie Review Credit From CM
Duration Time : 120 mins
IMdb 7.7/10
Rotten Tomatoes 96%
Google Users 79%