တစ်ချို့ ဇာတ်ကားတွေကို psoters တွေ၊ ဇာတ်ကားနာမည်တွေနဲ့ အကဲဖြတ်လို့ မရဘူး။ Eighth Grade ကို poster ကြည့်ပြီး နာမည်ကို အပေါ်ယံဖတ်လိုက်မယ်ဆိုရင်တော့ လူကြီးတော်တော်များများက ကျော်သွားကြပါလိမ်မယ်။ ဒါပေမဲ့ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အခါမှာတော့ တစ်ကယ့်ရွှေအစစ်ကို တူးဖော်လိုက်ရသလို ခံစားလိုက်ရတဲ့ ခံစားချက်က တစ်ကယ့်ကို ဂုဏ်ယူစရာပါ။ ဇာတ်လမ်းကတော့ အလယ်တန်းရဲ့ နောက်ဆုံးနှစ် Eighth Grade ရဲ့ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Kayla ရဲ့ ကျောင်းမပိတ်ခင်နောက်ဆုံးအပတ်ရဲ့ တစ်ပတ်စာကာလကို ရိုက်ကူးတင်ဆက်ပြသထားတယ်။ Kayla က အဖေနဲ့ နေတယ်။ သူ့ အဖေကတော့ သူ့ သမီးလေးနဲ့ ခံစားချက်ခြင်းအမြဲနီးကပ်အောင် ကြိုးစားနေတဲ့ ဖခင်ကောင်းတစ်ယောက်။ သမီးလေးကတော့ ဆယ်ကျော်သက်အရွယ်ဆိုတဲ့အတိုင်း ဖခင်ဖြစ်သူကို အမြဲကလန်ကဆန်လုပ်လေ့ရှိတယ်။ ဒါပေမဲ့ အဖေလုပ်သူကတော့ အပြစ်မပြော၊ မဆူပဲ နားလည်ပေးတတ်တယ်။ အထက်တန်းတက်တော့မဲ့ သမီးလုပ်သူကို အထက်တန်းအတွက် စိတ်လှုပ်ရှားနေလားတို့ ၊ သမီးက Cool kid ပါတို့ ၊ တော်တယ်တို့ ၊ အဖေကတော့ ဂုဏ်ယူတယ်တို့ ဘာတို့ အားပေးစကားပြောပေမဲ့ Kayla အတွက်တော့ ထိုစကားတွေက ပိုမိုနာကျင်စေတယ်။ ကျောင်းမှာ သူ့ အတွက် အပေါင်းအသင်းမိတ်ဆွေလည်း မရှိဘူး။ တစ်ခြားကလေးတွေနဲ့ လည်း ဘယ်လိုအပေါင်းအသင်းလုပ်ရမယ်ဆိုတာ သူမ မသိဘူး။ ဒါကြောင့်လည်း ကျောင်းကပေးတဲ့ “Most Quiet” ဆုကိုတောင် ရထားသေးတယ်။ Kayla မှာ အမြဲလုပ်တဲ့အရာကတော့ YouTube မှာ inspirational စကားတွေပြောပေးတဲ့ videos လေးတွေ တင်တာ။
.
ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director Bo Burnham က သူတင်ပြထားတဲ့ ဇာတ်ကားရဲ့ ကမ္ဘာထဲက ထိတ်လန့် ဖြစ်ရာတွေကို ကောင်းကောင်းသိတယ်။ ဒါကြောင့်လည်း ဇာတ်ကားထဲမှာ ထိုအရာတွေကို ပေါ်လွင်အောင် တင်ပြသွားနိုင်ခဲ့တယ်။ အပေါင်းအသင်းရော၊ တရေးတယူအခေါ်အပြောတောင် အလုပ်မခံရတဲ့ မရှိတဲ့ ရှက်တတ်တဲ့ ၈ တန်းအရွယ်ကျောင်းသူလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို သူနားလည်တယ်။ ကျောင်းမှာ Queen လို့ သတ်မှတ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့ ပါတီပွဲကို လူကြီးတွေက အတင်းလွှတ်လို့ လာခဲ့ရတဲ့အချိန်မှာ Kayla တစ်ယောက်ရဲ့ တစ်ယောက်တည်းတိုက်နေရတဲ့ မဟာတိုက်ပွဲကြီးပဲ။ သူ့ ခန္ဓာကိုယ်လေးကလည်း တစ်ခြားလူချစ်လူခင်တွေနဲ့ ပြည့်နေတဲ့ ကောင်မလေးတွေလို သွယ်သွယ်လျလျလေး မဟုတ်၊ ဝဝဖိုင့်ဖိုင့်လေးနဲ့ ။ အခုတော့ ရေကူးဝတ်စုံလေးကို ဝတ်ပြီး ကျောင်းက ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော ပြည့်နေတဲ့ ရေကူးကန်လေးထဲကို ဆင်းသွားတဲ့အခန်းက တစ်ကယ့်ကို horror ပဲ။ ဖြစ်ချင်တော့ သူ Crush နေတဲ့ကောင်လေးကလည်း ထိုရေကူးကန်ပါတီထဲမှာ ရှိနေတယ်ဆိုတော့ ပိုဆိုးတော့တာပေါ့။ တစ်ကယ်တော့ Kayla က YouTube တွေမှာ ဘဝအတွက်အားပေးစကားပြော videos တွေတင်လေ့ရှိပေမဲ့ သူ့ videos တွေကို ဘယ်သူမှ တလေးတယူလုပ်ပြီး မကြည့်ကြဘူး။ သူ့ videos တွေမှာ သူကတော့ socially အရ အောင်မြင်တဲ့သူတစ်ယောက်ပေါ့။ ဥပမာတွေပေးရင်လည်း တစ်ခြားသူတွေလိုဆိုပြီး ဥပမာပေးတယ်။ တစ်ကယ့်တော့ ထိုဥပမာတွေက သူမရဲ့ ဘဝက အခက်အခဲတွေ၊ သူမကိုယ်တိုင်ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ။ တစ်ကယ်တော့လည်း သူမတင်တဲ့ ဘဝအားပေးစကားပြော videos တွေဟာ သူမအတွက်ပဲ ဖြစ်နေခဲ့တယ်။
.
ဒီဇာတ်ကားမှာ အသုံးပြုထားတဲ့ ကလေးသရုပ်ဆောင်တွေအကုန်လုံးက တစ်ကယ့်ကို အလယ်တန်းကျောင်းသူကျောင်းသားလေးတွေပါ။ ရုပ်ရှင်သမိုင်းမှာ ဆယ်ကျော်သက်အရွယ်လူငယ်တွေရဲ့ အကြောင်းတွေကို ပြကြပါတယ်။ ဒါပေမဲ့ အလယ်တန်းကလေးတွေရဲ့ အကြောင်းကိုရော။ ကျွန်တော်တို့ သိပ်မတွေ့ ခဲ့ရဘူး။ အခု Eighth Grade ဇာတ်ကားမှပဲ အလယ်တန်းကလေးတွေရဲ့ ခံစားချက်တွေ၊ အချင်းချင်းဆက်ဆံရေးတွေ၊ ကြောက်လန့် ဖွယ်ရာတွေ၊ ပြဿနာတွေ ကို မြင်ခဲ့ရတယ်။ ကျွန်တော်တို့ လည်း ထိုအချိန်တွေကိုကျော်ဖြတ်ခဲ့ရပါတယ်။ ဒါပေမဲ့ခေတ်ကာလတွေ ကွာခြားချက်တွေကြောင့် အခုခေတ်ကလေးတွေ ကြုံ တွေ့ နေရတဲ့ အခက်အခဲတွေလောက်တော့ ကျွန်တော်တို့ ရဲ့ အလယ်တန်းဘဝတွေဟာ မခါးသီးခဲ့ပါဘူး။
Review Credit to Movies-we watch,we feel. Facebook Page