Burmese Subtitle
BluRay 1080p 6CH Eternal Sunshine of the Spotless Mind (2004)
Report error

Eternal Sunshine of the Spotless Mind (2004)

Eternal Sunshine of the Spotless Mind    

R 108 min DramaRomanceSci-Fi

8.3
IMDB: 8.3/10 822,751 votes

,

, , , , , , , , ,

Won 1 Oscar. Another 71 wins & 109 nominations.

USA

326

Report error

Eternal Sunshine of Spotless Mind

IMDB – 8.3/10
Rotten Tomatoes – 93%
MKW – 5/5

——————————————————–
တစ်ကယ့် အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ့် အပြင်မှာ ဖြစ်ခဲ့သလိုကို ယုံချင်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။
ဒီကားရဲ့ အဓိက သရုပ်ဆောင် နှစ်ယောက်က Jim Carrey နဲ့ Kate Winslet ပါ။

Kate Winslet ကို အားလုံး သိပြီးသားပါ။ မြန်မာပြည်မှာ နာမည်အကြီးဆုံး မင်းသမီးလို့တောင် ပြောလို့ရတယ်။ Titanic ရုပ်ရှင်နဲ့ အရမ်း နာမည်ကြီးခဲ့တယ်။ ကျွန်တော့်အဖို့တော့ Kate ဟာ ဒီကားမှာ Titanic ထက် အဆပေါင်းများစွာ ပိုကောင်းခဲ့တယ်။

တစ်ခါမှ မဆုံဖူးတဲ့ လူတစ်ယောက်ရဲ့ ထမင်းပန်းကန်ထဲက ကြက်ပေါင်ကြော်ကို ခွင့်တောင် မတောင်းပဲ ခပ်တည်တည်နှိုက်စားရဲတဲ့ အမျိုးသမီး . .
ဒီနေ့မှ တွေ့တယ် . . ဒီနေ့ ချက်ချင်း လက်ထပ်ချင်တယ်ဆိုပြီး (စတာ နောက်တာမဟုတ်) အတည် ပြောရဲတဲ့ အမျိုးသမီး . .
ဆံပင်အရောင်ကို ရောင်စုံဆိုးတဲ့ အမျိုးသမီး . .
စိတ်ဂဏာမငြိမ်လွန်းတဲ့ စွာတေးလန် အမျိုးသမီး . .
ပွင့်လင်းလွန်း ရဲတင်းလွန်း အငြိမ်မနေနိုင်လွန်းတဲ့ အမျိုးသမီး . .
Kate ကို အဲ့ဒီ character မျိုးနဲ့ ဒီကားမှာ မြင်ရမှာပါ။ သူ့နာမည်က Clementine တဲ့။

Jim Carrey ကိုလည်း အားလုံး သိကြမှာပါ။ ဟာသကားတွေ ရိုက်တယ်။ ရယ်ရတယ်။ The Mask မင်းသား။ စသည်ဖြင့် ဒီမှာ ပြောကြတယ်။ တကယ်လည်း သူဟာ comedy film တွေ အများကြီး ရိုက်ပါတယ်။ Drama ရိုက်တာ နည်းတယ်။
ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ Jim ဟာ သူ့ဘဝရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုကို ဖန်တီးပြခဲ့တယ်။ ရုပ်ရှင်ဝေဖန်ရေးဆရာတွေဟာ Eternal Sunshine of Spotless Mind ထဲမှာ Joel အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jim ဟာ တစ်ခါမှ ဒီလောက် မကောင်းခဲ့ဖူးဘူး လို့ ချီးကျူးကြတယ်။
တစ်ချိန်လုံး ငိုင်တိုင်တိုင်နဲ့ အလိုမကျဖြစ်နေတဲ့ အမျိုးသား . .
အရာရာကို မကြည်မလင် ကြည့်မြင်တတ်တဲ့ အမျိုးသား . .
ချစ်သူရဲ့ ဂဏာမငြိမ် အာရုံနောက်မှုတွေကို စိတ်ညစ်နေပေမယ့် ချစ်သူကို သိပ်ချစ်တဲ့ အမျိုးသား . .
Jim ကို အဲ့ဒီ character မျိုးနဲ့ ဒီကားမှာ မြင်ရမှာပါ။
ဒါပေမယ့် တကယ်တန်းကျတော့ Jim ဟာ အဲ့ဒီထက် ပိုခဲ့တယ်။

ဒီကားရဲ့ အကောင်းဆုံးအခန်းတွေက Joel (Jim) ရဲ့ မှတ်ဥာဏ်တွေ ဖျောက်နေတဲ့ အခန်းတွေပါ။ Joel က သူ့ အိပ်မက်ထဲမှာ Kate Winslet တစ်ဖြစ်လဲ Clementine လက်ကို ဆွဲပြီး ထွက်ပြေးနေတာ။ Joel က သူ ဒီ မှတ်ဥာဏ်ဖျောက်နေတာကြီးကို ရပ်ပစ်ချင်တယ်လို့ အကျယ်ကြီး အော်တယ်။ ဒါပေမယ့် သူအော်နေတာ အိပ်မက်ထဲမှာ ဖြစ်နေတယ်။ တကယ့်အပြင်က Joel က စက်ကိရိယာတွေ ခေါင်းမှာ တပ်ပြီး အိပ်ပျော်နေတာ။ သူ့ ဘေးမှာ မှတ်ဥာဏ်ဖျောက်တဲ့သူတွေ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေကြတယ်။ ကျွန်တော်တို့ အိပ်မက်တွေ မက်ရင် အဲ့လို ဖြစ်ဖူးကြမှာပါ။ တကယ့် အပြင်မှာ ဖြစ်ချင်နေပေမယ့် အိပ်မက်ထဲမှာပဲ ဖြစ်နေတာမျိုး။

နောက်ဆုံး Clementine ကို ဖျောက်ပစ်လို့ မရအောင်ဆိုပြီး ငယ်ဘဝက မှတ်ဥာဏ်ထဲဝင်ပုန်းလိုက် ဟိုထဲဝင်ပုန်းလိုက်နဲ့ Joel ဟာ သူ့ အိပ်မက်ထဲမှာ Clementine ကို ရ အောင် ကယ်ထုတ်နေပါတယ်။ Clementine ကို သူ့ ဦးခေါင်းထဲက မပျောက်ပျက်သွားအောင် သူ တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကြိုးစားနေတယ်။ သူတတ်နိုင်တာ ဒါပဲလေ။ စိတ်နာလွန်းလို့ မေ့ပစ်ချင်ပေမယ့် ချစ်လွန်းလို့ မမေ့နိုင်ခဲ့ပါဘူး။

ဒီကားရဲ့ နှလုံးသားဖြစ်တဲ့ Joel ရဲ့ character ကို Jim Carrey တစ်ယောက် အကောင်းဆုံး သရုပ်ဖော်နိုင်ခဲ့တယ်။
ကျွန်တော် ဒီကား တစ်ကားလုံးကို ဖင်ပြန်ခေါင်းပြန် ကြိုက်တယ်။ ဒါပေမယ့် အကြိုက်ဆုံး အချက် နှစ်ချက်က သရုပ်ဆောင်များ နဲ့ ဇာတ်ညွှန်းပါ။

ဇတ်ညွှန်းရေးသားသူက Charlie Kaufman တဲ့။ သူက Adaption တို့ Being John Malkovich တို့လို ဇာတ်လမ်းမျိုးတွေ ရေးခဲ့ဖူးတယ်။ ခု ဒီကားနဲ့ ခပ်ဆင်ဆင်ပဲ။ အကုန်လုံးက အိပ်မက်ဆန်တယ်။ စိတ်ကူးယဉ်တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ကူးယဉ်မှုဟာ အရမ်းလှပြီး အရမ်းလက်တွေ့ကျတယ်။ ရင်ထဲမှာ တစ်ဆစ်ဆစ်ဖြစ်နေအောင် လုပ်ပေးနိုင်တယ်။ Eternal Sunshine ရဲ့ ဇာတ်ညွှန်းကလည်း နာကြင်မှုတွေ လှပမှုတွေ နဲ့ ပြည့်နက်နေတယ်။ ဒီကားမှာ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အများကြီးပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ရယ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီ ရယ်စရာတွေက ကျွန်တော်တို့ အသဲကို ခွဲတဲ့ နာကျင်စရာတွေ ဖြစ်လာတယ်။ ကြုံဖူးကြမှာပါ။ ဆေးရုံမှာ အသက် အန္တရာယ်ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်က ဟာသ ပြောနေသလိုမျိုး။ သူပြောတဲ့ အကြောင်းအရာက ရယ်ရကောင်း ရယ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်က ရင်နာစရာကြီး . . ။

Cinematography ကိုလည်း ကျွန်တော် အရမ်းကြိုက်ပါတယ်။ ဇာတ်လမ်းသဘော သဘာဝနဲ့ လိုက်ဖက်အောင် handheld shot တွေ လှိုင်လှိုင်သုံးထားတယ်။ Lighting ကိုလည်း ခပ်ကြမ်းကြမ်း spotlight style တွေ အများကြီး သုံးထားတယ်။ တစ်ကားလုံးရဲ့ စိတ်လှုပ်ရှားမှုကို ကင်မရာကနေတစ်ဆင့် အများကြီး ပြပေးထားတယ်။ အချိုးပုံစံ အဆန်းတွေကိုလည်း မြင်ရတယ်။ ပျင်းစရာမကောင်းဘူး။ Cinematography တစ်ခုတည်းကို လိုက်ကြည့်ရင်တောင် စိတ်ဝင်စားဖို့ ကောင်းတယ်။

Music တွေလည်း ဒီတိုင်းပဲ။ ခန်းနားမနေဘူး။ ကြီးကျယ်မနေဘူး။ မျက်ရည်လည်း မချူဘူး။ ဒါပေမယ့် ဇာတ်လမ်းထဲမှာ ဖြစ်နေတဲ့ နာကျင်စရာတွေကို သီချင်းတွေ နောက်ခံတေးဂီတတွေက ဖော်ပြပေးတယ်။ Joel နဲ့ Clementine တို့ရဲ့ ဆယ်နွယ်မှုကို မျက်စိမှိတ်ပြီး သံစဉ်တွေအဖြစ် ခံစားလို့ရအောင် လုပ်ပေးထားတယ်။

Production Design တို့ Editing တို့ ကအစ ဘာမှ ပညာပြထားတာ မရှိဘူး။ ဇာတ်လမ်းကို အကောင်းဆုံး ပံ့ပိုးနေကြတယ်။ ဒီလောက်ပဲ။ သူတို့တွေ ဇာတ်လမ်းအပေါ် သစ္စာရှိကြတယ်။

ဒီကားရဲ့ ဒါရိုက်တာ ကတော့ Michel Gondry ပါ။ သူက ဇာတ်ညွှန်းရှင်ကြီး Charlie လိုပဲ။ အိပ်မက်ဆန်တဲ့ အကြောင်းအရာတွေကို ကြိုက်တယ်။ ယုတ္တိမရှိတဲ့အရာတွေကို ယုတ္တိရှိအောင် ရှုထောင့်ပေါင်းစုံကနေ လှလှပပ တင်ပြနိုင်တယ်။ ကျွန်တော်ထင်တယ်။ ဒါရိုက်တာတစ်ယောက် ရိုက်တဲ့ပုံစံကို ကြည့်ခြင်းဟာ သူ့ဦးနှောက်ကို ကြည့်နေတာနဲ့ တူပါတယ်။ သူ ဘာတွေ တွေးနေသလဲဆိုတာကို tv ဖန်သားပြင်ပေါ်မှာ ကျွန်တော်တို့ မြင်နေရတယ်လေ။ ဒီ ဒါရိုက်တာကြီး Michel Gondry ရဲ့ အတွေးတွေက တော်တော်ကို ချစ်ဖို့ကောင်းတယ်။ ရင်ခုန်စရာကောင်းတယ်။ အိပ်မက်ဆန်တယ်။ ပြီးတော့ လက်မှုဆန်တယ်။ သူ့ရုပ်ရှင်တိုင်းနီးပါးမှာ Michel ဟာ ကွန်ပျူတာ effect တွေ သုံးတာ အရမ်းနည်းတယ်။ stop-motion style effect တွေကို အများကြီး သုံးတယ်။ လက်နဲ့ ကိုယ်တိုင် လုပ်ရတဲ့ handicraft ပစ္စည်းတွေ အမြဲသုံးတယ်။ ရွံ့တို့ သစ်သားတို့ ကတ်ထူတို့ကို သုံးပြီး စာအုပ်ကလေးကနေ အိမ်တွေပြိုကျတာတွေအထိ သူ ဖန်တီးနိုင်တယ်။ ကွန်ပျူတာ effect တွေ မဟုတ်ဘူးနော်။ လက်မှုပညာ effect တွေပါ။

ဒီကားဟာ ၂၀၀၅ ခုနှစ် Oscar ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ညွှန်းဆု ရရှိခဲ့တယ်။ မင်းသမီး Kate Winslet လည်း အကောင်းဆုံးမင်းသမီး ဇကာတင် ဝင်ခဲ့တယ်။

_______________

Eternal Sunshine of Spotless Mind ဆိုတာ ၁၈ ရာစုက ကမ္ဘာကျော် အင်္ဂလိပ် ကဗျာဆရာကြီး Alexander Pope ရဲ့ ကဗျာတစ်ပိုဒ်ပါ။ မြန်မာလို ကြိုးစားပြီး ဘာသာပြန်ကြည့်ရင်တော့ သန့်ရှင်းတဲ့ ဝိညဉ်ရဲ့ ထာဝရ နေခြည် လို့ ဘာသာပြန်လို့ရမယ်ထင်တယ်။

ကျွန်တော့်အတွက်တော့ ဒီကားကို ကြည့်ရတာ အိပ်မက် မက်နေသလိုပါပဲ။ အိပ်မက်ထဲမှာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဒီ အိပ်မက်ကို မပြီးသွားချင်ကြောင်း တတွတ်တွတ် ရွတ်နေမိတယ်။
_____________
မောက်ခမ်းဝါ

A review by Min Thu Kyaw
Movie Review by Datshin

Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
Eternal Sunshine of the Spotless Mind (2004)
No downloads available

Related movies