Full Metal Jacket
******************
Full Metal Jacket ဆိုတာကတော့ လက်နက်ငယ်တွေမှာ အသုံးပြုတဲ့ ကျည်အမျိုးအစားဖြစ်ပြီး ကျည်မ (Ball) လို့ ဆိုနိုင်မှာပါ။ Full Metal Jacket ဆိုတာကို တိုက်ရိုက်ဘာသာပြန်ရင်တော့ သတ္တုသားအပြည့် ဖုံးအုပ်ထားသောလို့ အဓိပ္ပါယ်ရမယ် ထင်ပါတယ်။ ဘာလို့ သတ္တုသားအပြည့် ဖုံးအုပ်ရတာလဲ။ အစောပိုင်းကာလတွေတုန်းက ကျည်ဆံထိဖူးအနေနဲ့ ခဲသတ္တုကို အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်း ပြောင်းရစ်ပါတဲ့ ရိုင်ဖယ်တွေကို အသုံးပြုလာကြတဲ့အခါ ခဲသီးသန့်ကို အသုံးပြုဖို့ အဆင်မပြေတော့ပါဘူး။ ခဲသီးသန့်ကျည်ထိပ်ဖူးတွေဟာ ပစ်ခတ်တဲ့အခါ ပြောင်းတွင်းပိုင်းနဲ့ ပြောင်းရစ်ပိုင်းတွေကို ထိခိုက်စေတဲ့အပြင် ပစ်ခတ်နိုင်မှု အကွာအဝေးပိုင်းမှာလဲ လိုသလောက်မရတာကို တွေ့လာရပါတယ်။ ဒီအတွက် ခဲသားကို ကြေး ဒါမှမဟုတ် သံအလွှာတစ်ခုနဲ့ ဖုံးအုပ်ပြီး ထုတ်လုပ်အသုံးပြုခဲ့ကြပါတယ်။ Full Metal Jacket လို့ခေါ်တဲ့ ဒီကျည်အမျိုးအစားတွေဟာ ပစ်ခတ်ချိန်မှာ အပေါ်က ဖုံးအုပ်ထားတဲ့ Jacket Material ကြောင့် ပြောင်းထဲက ရှောရှောရူရူ ထွက်သွားနိုင်မှာ ဖြစ်သလို ကျည်ပျံသန်းချိန်မှာလည်း လေဆွဲအားနဲ့ ပွတ်တိုက်မှုဒဏ်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ပစ်မှတ်နဲ့ ထိတွေ့ချိန်မှာတော့ အထဲမှာပါတဲ့ ခဲသားရဲ့ အလေးချိန်အရ လိုအပ်တဲ့ အရွေ့စွမ်းအင် Kinetic Energy ရရှိမှာဖြစ်ပြီး ပစ်မှတ်ကို ထိခိုက်ပျက်စီးစေမှာပါ။
ဒါကတော့ Full Metal Jacket လို့ခေါ်တဲ့ ကျည်မရဲ့ ဖွဲ့စည်းပုံအကြောင်း အကြမ်းဖျင်းရယ်ပါ။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက လက်နက်ခဲယမ်းအကြောင်း မဟုတ်ပါဘူး။ Full Metal Jacket လို့ အမည်ရတဲ့ ဗီယက်နမ်စစ်ပွဲနောက်ခံ ဇာတ်ကားတစ်ကားအကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၁၉၈၇ခုနှစ်မှာ ရိုက်ကူးပြသတာဖြစ်ပြီး Gustav Hasford ရဲ့ The Short Timers ဝတ္ထုကို Stanley Kubick က ဇာတ်ကားအဖြစ် ဖန်တီးရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားဟာ အကယ်ဒမီဆုနဲ့ အခြားအခြားသော ဆုများစွာကို ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အကောင်းဆုံးစစ်ကားတွေထဲက တစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Imdb Rating အနေနဲ့ 8.3/10 နဲ့ Rotten Tomatoes Rating ကတော့ 92% ရရှိထားတဲ့ ဇာတ်ကားတစ်ကားလဲ ဖြစ်ပါတယ်။
ဇာတ်ကားကို မရိန်းရဲဘော်သစ်သင်တန်းတစ်ခုရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေနဲ့ အစပြုထားပါတယ်။ သင်တန်းသားတွေဟာ စစ်မြေပြင်မှာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နိုင်မယ့် မရိန်းစစ်သည်တွေ ဖြစ်လာဖို့အတွက် သင်တန်းနည်းပြတွေရဲ့ လေ့ကျင့်ပေးမှုကို ခံကြရပါတယ်။ သင်တန်းသားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတင်မကပဲ စိတ်ပိုင်းဆိုင်ရာ ကြံခိုင်ဖို့ပါ လေ့ကျင့်ပေးခံကြရတာပါ။ စစ်သင်တန်းတို့ရဲ့ ထုံးစံအတိုင်း ငဖောက်တွေ၊ ငပွတွေ၊ အအိပ်အစားမက်တဲ့ကောင်တွေ စတဲ့ မတစ်ထောင်သားတွေရဲ့ စရိုက်တွေကို မြင်တွေ့ရမှာပါ။ ဇာတ်ကားအစပိုင်းကို ဂျိုကာ၊ ကောင်းဘွိုင်၊ ပိုင်းလ်နဲ့ သင်တန်းနည်းပြ ဆာဂျင်တစ်ယောက်တို့ရဲ့ ဇာတ်ရုပ်လေးခုနဲ့ အဓိကပုံဖော်ထားပါတယ်။ နှေးကွေးလေးလံပြီး ထုံတိုင်းလှတဲ့ ပိုင်းလ်ဟာ သင်တန်းတို့ရဲ့ ထုံးစံအတိုင်း အားလုံးရဲ့ ချဉ်ဖတ်ဖြစ်နေပါတယ်။ သူဖောက်တဲ့ အပြစ်ဒဏ်တွေကြောင့် ဝိုင်းကြီးချုပ်စနစ်နဲ့ အားလုံးအတွယ်ခံရချိန်မှာတော့ မကျေမနပ်ဖြစ်ကြပြီး စောင်ကြားဝိုင်းအုပ်ကြပါတော့တယ်။ ဒီကိစ္စဟာ ပိုင်းလ်အတွက်တော့ စိတ်ဒဏ်ရာတစ်ခု ဖြစ်ခဲ့ပြီး အထီးကျန်စိတ္တဇ ဖြစ်သွားပါတယ်။ သင်တန်းဆင်းပွဲပြီးတဲ့ညမှာတော့ ပိုင်းလ်တစ်ယောက် စိတ်ဖောက်ပြီး သင်တန်းနည်းပြကို သေနတ်နဲ့ ပစ်သတ်ပြီး ကိုယ့်ကိုကိုယ်ပါ အဆုံးစီရင်သွားပါတော့တယ်။
အခြေခံစစ်သင်တန်းပြီးလို့ သက်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေ တက်ရောက်ပြီးချိန်မှာတော့ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိကြပါပြီ။ သင်တန်းကျောင်းမှာထဲက လူပျော် လူပြက်တစ်ယောက်ဖြစ်တဲ့ ဂျိုကာက စစ်မြေပြင်သတင်းထောက် ဖြစ်လာပြီး သူ့ဘော်ဒါ ကောင်းဘွိုင်ကတော့ ခြေလျင်ကို ရောက်သွားပါတယ်။ နဂိုထဲက လူပျော်လဲဖြစ်၊ တိုက်နေရတဲ့စစ်ကိုလဲ မယုံကြည်တဲ့ ဂျိုကာကတော့ ခပ်ပေါ့ပေါ့ပါးပါးပဲ ဘဝကို ဖြတ်သန်းလို့နေပါတယ်။ ဗီယက်ကောင်းတွေရဲ့ တက်ထိုးစစ်နောက်ပိုင်းမှာတော့ ဂျိုကာတစ်ယောက် ရှေ့တန်းရောက်ဖို့ အကြောင်းဖန်လာပါတယ်။ ရှေ့တန်းမှာ တစ်ပတ်စဉ်ထဲဘော်ဒါ ကောင်းဘွိုင်နဲ့တွေ့ပြီး သူတို့တပ်စုနဲ့အတူ ဟွေမြို့စစ်ဆင်ရေးမှာ အတူတိုက်ပွဲဝင်ရပါတော့တယ်။ သူတို့တပ်စုဟာ ရှေ့ပြေးလှည့်ကင်းအနေနဲ့ ကင်းထောက်ထွက်ခဲ့ချိန်မှာတော့ ပုန်းအောင်းနေတဲ့ ရန်သူစနိုက်ပါသမားရဲ့ လက်ချက်နဲ့ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်တာ ကောင်းဘွိုင်ပါ ပါသွားပါတယ်။ စနိုက်ပါသမားကို ပစ်ခတ်ဖမ်းဆီးမိချိန်မှာတော့ သူတို့ထင်သလိုမဟုတ်ဘဲ ကလေးမလေး တစ်ယောက် ဖြစ်နေတာကို သွားတွေ့ရပါတယ်။ ဂျိုကာ့အနေနဲ့ ဒီရန်သူကလေးမလေးရဲ့ ဘဝကို နိဂုံးချုပ်ပေးဖို့ ဖြစ်လာတဲ့အခါ လူသားဆန်မှုနဲ့ ယောင်္ကျားဆန်မှုကြား ဘယ်လိုဆုံးဖြတ်မှာပါလဲ။
ဒီဇာတ်ကားလေးမှာ ဗီယက်နမ်စစ်ပွဲကာလက အမေရိကန်စစ်သည်တွေရဲ့ နေ့စဉ်ဖြတ်သန်းမှုနဲ့ စစ်ကြီးအပေါ် အမြင်တွေကို တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့နောက် ဇာတ်ကားနာမည်ကို Full Metal Jacket လို့ပေးတာဟာ အဓိပ္ပါယ်တွေ အများကြီးပါတယ်လို့ ခံစားရပါတယ်။ သာမန်အရပ်သား တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှု၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်နဲ့ ခံယူချက်တွေဟာ စစ်ပွဲရဲ့လိုလားချက်တွေနဲ့ မကိုက်ညီနိုင်တဲ့အတွက် စစ်သင်တန်းတွေ တက်ကြရပါတယ်။ စစ်သင်တန်းတွေမှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင်၊ စိတ်ဓါတ်ပိုင်း ပြတ်သားမာကျောအောင် လေ့ကျင့်ပေးကြပါတယ်။ ရန်သူကို လက်စတုံးချေမှုန်းပြီး အောင်ပွဲရယူမယ့် စစ်သည်တော်တစ်ဦးဟာ သွက်သွက်လက်လက် သန်သန်မာမာ ခက်ခက်ထန်ထန် မာမာကျောကျော ပြတ်ပြတ်သားသားနဲ့ သေမလားသတ်မလားဆိုတဲ့ စိတ်ဓါတ်မျိုးရှိမှ အဆင်ပြေမှာပါ။ တနည်းပြောရရင် ဒါဟာ Post အစမှာပြောခဲ့တဲ့ Full Metal Jacket သတ္တုသားအပြည့် ဖုံးအုပ်ထားသောဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်နေတယ်လို့ ခံစားရပါတယ်။ ခဲနဲ့တူတဲ့ ထိရှလွယ်သော ပင်ကိုယ်လူစိတ်ကို မာကျောတဲ့သတ္တုနဲ့ သဏ္ဍာန်တူတဲ့ စစ်သွေးစစ်မာန်နဲ့ ဖုံးအုပ်ထားမှသာ ကြမ်းကြုတ်ရက်စက်ပြီး တရားမရှိတဲ့စစ်မြေပြင်မှာ လက်တွေ့ရင်ဆိုင်ရချိန် အသုံးတည့်ပြီး ရန်သူကို ထိခိုက်ပျက်စီးစေမယ်ဆိုတဲ့ အယူအဆလေးတစ်ခုကို မြင်တွေ့ရပါတယ်။ ဒီဇာတ်ကားထဲက စကားလေးငှားပြောရရင် Ain’t war hell? လို့ပဲ ဆိုချင်ပါတယ်ဗျ။ (မိမိတစ်ဦးတည်း၏ အမြင်ဖြစ်ပါသည်။ သဘောထားကွဲလွဲနိုင်ပါသည်။)
ဒီဇာတ်ကားလေးကို မြန်မာစာတန်းထိုးထားတာ မတွေ့မိတဲ့အတွက် ဘာသာပြန်ဖို့ ကြိုးစားမိပါတယ်။ ဇာတ်ကားထဲမှာ အမေရိကန်အချင်းချင်းတောင် နားမလည်နိုင်တဲ့ စစ်သုံးဗန်းစကားတွေ၊ ခေတ်ကာလအခြေအနေအရ အသုံးပြုခဲ့ကြတဲ့ နိုင်ငံရေးနဲ့ စစ်ရေးဟာသတွေ အများကြီးပါသလို စစ်တပ်တွေရဲ့ ထုံးစံအတိုင်း မကြားဝံ့မနာသာ စကားလုံးတွေ အများကြီးပါပါတယ်။ ဘာသာပြန်တဲ့နေရာမှာ မူရင်းဇာတ်လမ်းက ပေးချင်တဲ့ရသကို အပြည့်ဝဆုံးရအောင် ကြိုးစားထားပြီး အမှားအယွင်း ပါသွားရင်လဲ ခွင့်လွှတ်ပေးဖို့ ပြောချင်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ကိုဥက္ကာကျော်ဘဲဖြစ်ပါတယ်။