ကဲဒီတစ်ခါတော့ အော်စကာဆုနှစ်ဆုအပြင် တစ်ခြားသော ဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တဲ့ ၁၉၆၁ ခုနှစ်က ဇာတ်ကားလေးနဲ့
မိတ်ဆက်ပေးချင်မိပါတယ်…Top Rated Movies #137 ကိုချိတ်နိုင်ခဲ့ပါတယ်….
အညွှန်း
******
အချိန်ကာလက ဒုတိယကမ္ဘာစစ်ကြီးပြီး၍ သုံးနှစ်အကြာ ၁၉၄၈ခုနှစ်။ စစ်ရှုံးဂျာမနီနိုင်ငံတွင် နာဇီခေါင်းဆောင်ပိုင်းအား နုရင်ဘတ်စစ်ခုံရုံးတွင် စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သော်လည်း စစ်နိုင်သူအမေရိကန်တို့မှ ကျေနပ်အားရခြင်း မရှိသေး၍ နာဇီအစိုးရ၏ တရားသူကြီးဟောင်းများကိုပါ တရားစီရင်ရေးမဏ္ဍိုင် ယိုင်နဲ့စေခဲ့မှုဖြင့် ခုံရုံးတင်စစ်ဆေးချိန်။ တရားလိုရှေ့နေအဖြစ် နာဇီမုန်းတီးစိတ်အပြည့်ရှိတဲ့ အမေရိကန်ဗိုလ်မှူးကြီးတစ်ဦးက ဆောင်ရွက်သွားမယ့် ဒီအမှုမှာ နာဇီတရားသူကြီးဟောင်းတွေကို နိုင်ငံရေးအညှိုးနဲ့ မျိုးသုန်းစေမှု၊ လူမဆန်မှု၊ တရားစီရင်ရေးမဏ္ဍိုင်ကို ပါတီတစ်ရပ် အဖွဲ့အစည်းတစ်ရပ်ရဲ့ လက်ကိုင်တုတ်အနေနဲ့ အသုံးချခဲ့မှုတွေနဲ့ စွဲချက်တင်သွားမှာဖြစ်ပြီး ခုံသမာဓိအဖွဲ့အနေနဲ့တော့ အမေရိကန်နိုင်ငံတရားသူကြီးတွေက ဆောင်ရွက်ကြမှာပါ။ တစ်ဖက်မှာတော့ တစ်ချိန်က နာဇီတရားသူကြီးဟောင်းတွေဟာ အရင်ကာလတွေနဲ့ ပြောင်းပြန်လို့ဆိုရမယ့် အခြေအနေအဖြစ် တရားခံခုံတန်းမှာထိုင်ရင်း စီရင်ချက်ချခံရတော့မှာပါ။ သူတို့ဘက်က ကာကွယ်ခုခံပေးမှာက ပါးရည်နပ်ရည်ရှိတဲ့ ဂျာမန်ရှေ့နေတစ်ဦး ဖြစ်ပါတယ်။
ဟစ်တလာရဲ့ နာဇီပါတီဟာ အာဏာရစကတည်းက ဂျာမန်အေရိယန်မျိုးနွယ်သန့်စင်ရေးကို ဦးစားပေး အကောင်အထည်ဖော်ခဲ့တာပါ။ ဥာဏ်မမီတဲ့၊ ကူးစက်ရောဂါ မျိုးရိုးလိုက်တဲ့ရောဂါရှိတဲ့ ဂျာမန်နိုင်ငံသားတွေကို မျိုးဆက်ထပ်မပြန့်အောင် သားကြောဖြတ်တယ်။ ဂျာမန်အေရိယန်မျိုးနွယ်တွေအနေနဲ့ တခြားဂျူးတို့လို လူမျိုးတွေနဲ့ သွေးနှောမှုမရှိအောင် ဥပဒေတွေထုတ်တယ်၊ စံနမူနာပြအရေးယူတာတွေ လုပ်တယ်။ နာဇီတို့ တန်ခိုးထွားချိန်၊ တတိယဂျာမန်အင်ပါယာ အင်အားကြီးထွားချိန်တုန်းက ဒီလိုအမိန့်တွေ၊ ဥပဒေတွေကို အမျိုးသားရေးခံယူချက်၊ ယုံကြည်ချက်အပြည့်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတဲ့ ဂျာမန်တရားသူကြီးတွေဟာ စစ်ကြီးပြီးလို့ ဂျာမန်အင်ပါယာ အရေးနိမ့်ချိန်မှာတော့ လူသားမျိုးနွယ်ကို နှိပ်စက်ညှင်းပန်းမှုနဲ့ တရားပြန်အစွဲခံရပါတော့တယ်။ ဒီထက်ပိုဆိုးတာက သူတို့တွေ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်အတွက်၊ ဂျာမန်လူမျိုးအတွက်ဆိုပြီး ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေ၊ လိုက်နာအကောင်အထည်ဖော်ခဲ့တဲ့ ဥပဒေတွေဟာ လူပေါင်းခြောက်သန်းလောက်ကို သေကြေစေခဲ့တယ်လို့ သိလိုက်ရတဲ့အခါ..သူတို့ဘယ်လို ခံစားရမလဲ၊ တရားခံရှေ့နေအနေနဲ့ သူ့အမှုသည်တွေ ဘေးကင်းအောင် ဘယ်လိုလျှောက်လဲမလဲ၊ တရားသူကြီးတွေအနေနဲ့ရော ဘယ်လိုစီရင်ချက်တွေ ချကြမှာလဲ……
ကြာမြင့်ချိန် ၁၇၉မိနစ်ရှိတဲ့ ဒီဇာတ်ကားကို ၁၉၆၁ခုနှစ်က ရိုက်ကူးပြသခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Imdb Rating 8.2/10 အထိရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး စစ်ကြီးပြီးစ ဂျာမနီနိုင်ငံရဲ့ အနေအထား၊ ဂျာမန်လူမျိုးတွေရဲ့ စိတ်ဓါတ်၊ အမေရိကန်သားတွေရဲ့ နာဇီဝါဒအပေါ်အမြင်တွေကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် မတူညီတဲ့ ရူ့ထောင့်တွေက မြင်တွေ့ရတဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေနဲ့ ခံယူချက်တွေကိုပါ ရူမြင်ရမှာပါ။ ကျွန်တော့်အမြင်အရ ပြောရရင် လူတစ်ဦးတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အဖွဲ့အစည်းတစ်ခုရဲ့ ဖြစ်တည်မှု၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖြစ်တည်မှုတွေကြားထဲကမှ အလေးထားသင့်တဲ့ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးဆိုတာလေးကို မီးမောင်းထိုးပြသွားတယ်လို့ ညွှန်းချင်ပါကြောင်း…။
ဘာသာပြန်ပေးထားသူကတော့ ကိုဥက္ကာကျော်ပဲဖြစ်ပြီး အညွှန်းလဲ ကိုယ်တိုင်ရေးထားတာဖြစ်ပါတယ်
Translator — Okkar Kyaw
Encoder — Sai Wunna