Paths of Glory (1957)
It explodes in the no-man's land no picture ever dared cross before!Synopsis:
ပထမကမ္ဘာစစ် နောက်ခံဇာတ်ကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ စတန်လေကူးဘရစ်ရဲ့လက်ရာဖြစ်ပြီး Humphrey Cobb ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၅၇ခုနှစ်က ရိုက်ကူးထားတာဖြစ်တဲ့ ဒီအဖြူအမည်းဇာတ်ကားလေးဟာ စစ်ကားတွေထဲမှာတော့ Rating ခပ်မြင့်မြင့်ထဲကဖြစ်ပြီး Imdb Rating 8.4/10 နဲ့ Rotten Tomatoes 95% အထိ ရထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။
ဇာတ်ကားအကျဉ်းအနေနဲ့ ပထမကမ္ဘာစစ်အတွင်း ဂျာမန်တွေနဲ့ စစ်ဆိုင်နေတဲ့ ပြင်သစ်တပ်မတစ်ခုဟာ ရန်သူဂျာမန်တွေ အခိုင်အမာ တပ်စွဲထားတဲ့ တောင်ကုန်းတစ်ကုန်းကို သိမ်းဖို့ တာဝန်ကျလာပါတယ်။ ပထမကမ္ဘာစစ်ရဲ့ တိုက်ပွဲပုံစံအရ မြေနေရာတစ်ခုကို သိမ်းပိုက်နိုင်ဖို့ဆိုတာ လူအင်အားအတော်များများ အဆုံးရှုံးခံနိုင်မှ ရမယ့်အနေအထားပါ။ တပ်မမှူးအနေနဲ့ ဒီအမိန့်ကိုရချိန်မှာ မဖြစ်နိုင်မှန်းသိတဲ့အတွက် ငြင်းဖို့ကြိုးစားပေမယ့် အောင်မြင်ရင် ရာထူးတစ်ဆင့်တိုးပေးမယ်ဆိုတဲ့မက်လုံးကို ကြားရတဲ့အခါ မရရအောင် တိုက်ပေးမယ်ဆိုပြီး ဖြစ်သွားပါတယ်။ ဒီအမိန့်ဟာ အောက်ကဗျူဟာမှူးဆီ ရောက်သွားတဲ့အခါ ရည်မှန်းချက်အနေနဲ့ မဖြစ်နိုင်တဲ့အပြင် စစ်သည်တွေ အကျအဆုံးများနေပြီး ပင်ပန်းနေတဲ့အတွက် မတိုက်နိုင်ဘူးလို့ ငြင်းပါတယ်။ ဒီအချိန်မှာ တိုက်ရင်တိုက်မတိုက်ရင် ထွက်ခွင့်တင်ဖို့ တပ်မမှူးက အကြပ်ကိုင်တဲ့အတွက် ဗျူဟာမှူးလဲ ဘာမှမတတ်နိုင်ဘဲ တိုက်ဖို့ပြင်ရပါတော့တယ်။
တကယ်တမ်းတိုက်ခိုက်ကျတဲ့အခါ သူတို့ရဲ့ထိုးစစ်ဟာ ရန်သူရဲ့ပစ်အားကို မကျော်လွန်နိုင်ဘဲ ပြန်လန်ကျလာပါတယ်။ အကျအဆုံးများလွန်းပြီး တက်ရင်သေမယ်ဆိုတာသိနေတဲ့ အရာရှိ/စစ်သည်တွေဟာ တက်တိုက်ဖို့ ငြင်းဆန်ပြီး ကတုတ်ကျင်းထဲကနေ မထွက်တော့ဘဲ ပေခံနေပါတော့တယ်။ စစ်ဆင်ရေး တစ်ခုလုံးကို ကြီးကြပ်နေတဲ့ တပ်မမှူးဟာ ဒါကိုသိချိန်မှာတော့ ဒေါသထွက်ပြီး ဒီပေခံနေတဲ့အဖွဲ့တွေကို အမြောက်နဲ့ပစ်ဖို့ ညွှန်ကြားပါတော့တယ်။ ဒါပေမယ့် ထင်သလိုဖြစ်မလာပါဘူး။ အမြောက်တပ်မှူးအနေနဲ့ ကိုယ့်တပ်တည်ကို ပြန်ပစ်ဖို့အတွက် ဗိုလ်ချုပ်အဆင့်က လက်မှတ်ထိုးထားတဲ့ တရားဝင်အမိန့်စာရမှ ဆောင်ရွက်ပေးနိုင်ပါမယ်ဆိုပြီး ငြင်းပါတယ်။ အဆုံးမတော့ တပ်မမှူးရဲ့ ရာထူးတိုးထိုးစစ်ကြီးဟာ မရူမလှနဲ့ပဲ ရပ်တန့်သွားပါတော့တယ်။
တပ်မမှူးအနေနဲ့ သူ့နာမည်နဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် စစ်တရားရုံးတစ်ခု လုပ်ဖို့ပြင်ပါတယ်။ သူပေးတဲ့အမိန့်၊ သူဆင်နွှဲတဲ့ ထိုးစစ်ဟာ မှန်ကန်ဆီလျော်ပါရဲ့နဲ့ စစ်သည်တွေဟာ အမိန့်ကိုဖီဆန်ပြီး သူရဲဘောကြောင်လို့ မအောင်မြင်ရတာပါဆိုပြီး အပြစ်ကို ထိုးချဖို့ကြိုးစားတာပါ။ ဒီအချိန်မှာ ထိပ်တိုက်ရင်ဆိုင်တာက ဗျူဟာမှူးဖြစ်ပါတယ်။ သူ့စစ်သည်တွေအနေနဲ့ အသက်တွေအများကြီး ပေးဆပ်ပြီးတိုက်ခဲ့ရတဲ့အပြင် အဆုံးသတ်မှာလဲ သူရဲဘောကြောင်မှုနဲ့ စစ်တရားရုံးအတင်ခံရပြီး သေဒဏ်ပေးခံရမယ့်အရေးကြောင့် ဒီစစ်တရားရုံးကိစ္စကို အကျောက်အကန် ငြင်းဆန်ပါတယ်။ ဒါပေမယ့် စစ်တပ်တို့ရဲ့ ထုံးစံအတိုင်း ရာထူးကြီးသူက အမြဲမှန်တဲ့အတွက် သူအလျော့ပေးလိုက်ရပါတယ်။ ထိုးစစ်ရဲ့ ပထမအသုတ်တိုက်ခဲ့တဲ့ တပ်ရင်းက တပ်ခွဲတစ်ခွဲကို စစ်သည်တစ်ဦးနှုန်းနဲ့ စုစုပေါင်းသုံးယောက်ကို သူရဲဘောကြောင်မှုနဲ့ စစ်တရားရုံးတင်ဖို့ဖြစ်ပြီး ဒီအမိန့်ဟာ တပ်ခွဲမှူးတွေဆီရောက်ချိန်မှာ တပ်ခွဲမှူးတွေနဲ့ အဆင်မပြေသူတွေ၊ မဲနှိုက်ရာမှာ ကံဆိုးပြီးမဲကျတဲ့သူတွေဟာ တရားခံအဖြစ် အရွေးခံလိုက်ကြရပါတယ်။ တပ်မမှူးအနေနဲ့ သူ့အမိန့်ကို ကလန်ကဆန် လုပ်ခဲ့တဲ့ အမြောက်တပ်မှူးကိုလဲ ပစ်သမျှကျည်တွေ တာဝေးလျှော့ကျတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့စွပ်စွဲပြီး တပ်ပြောင်းချောင်ထိုးကာ သူပေးခဲ့တဲ့အမိန့်ကို ဖုံးကွယ်ဖို့ ထပ်ကြိုးစားပါတယ်။
တစ်ဖက်မှာလဲ တပ်ခွဲတွေက ရွေးချယ်ပေးလိုက်တဲ့ စစ်သည်သုံးယောက်ဟာ သူရဲဘောကြောင်ပါတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်တရားရုံးမှာ အစစ်ဆေးခံရပါပြီ။ ဗျူဟာမှူးအနေနဲ့ သူ့စစ်သည်တွေ မတရားမခံရဖို့ ကြိုးစားခဲ့ပေမယ့် ရာထူးဝိတ်ချင်း ယှဉ်မရတာကြောင့် စီရင်ချက်ကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ ကံဆိုးသူစစ်သည်သုံးဦးကတော့ နောက်တစ်နေ့မနက်မှာ သူရဲဘောကြောင်တယ်ဆိုတဲ့ စွဲချက်နဲ့ ပစ်သတ်ခံရတော့မှာပါ။ ဒီအချိန်မှာ ဗျူဟာမှူး သိလိုက်ရတာက တပ်မမှူးဟာ ထိုးစစ်အတွင်းမှာ ခေါင်းဆောင်မပီသစွာနဲ့ဘဲ ကိုယ့်တပ်ကို ပြန်ပစ်ခိုင်းခဲ့တယ် ဆိုတာပါပဲ။ ဗျူဟာမှူးအနေနဲ့ ဒီအကြောင်းအချက်ကိုပဲ လက်ကိုင်ပြုပြီး တပည့်တွေရဲ့အသက်ကိုကယ်တင်ဖို့ ကြိုးစားခဲ့တဲ့အခါ ဘာတွေဖြစ်ကုန်လဲဆိုတာတော့……
ဒီဇာတ်ကားဟာ ပထမကမ္ဘာစစ်အတွင်းက ပြင်သစ်တပ်မတော်ရဲ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို မှီငြမ်းပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။ ဒီဇာတ်ကားကိုကြည့်ရူပြီးချိန်မှာ တပ်မတော်တိုင်းမှာ ရှိတတ်တဲ့ အမြင့်ကိုခုန်တက်နိုင်ဖို့အတွက် အောက်ခြေကိုချနင်းတတ်တဲ့ အကျင့်ဆိုး၊စရိုက်ဆိုးနဲ့ လူတွေအကြောင်း မြင်တွေ့ရမှာဖြစ်သလို စစ်ဆိုတဲ့အခြင်းအရာမှာ တန်ဖိုးမရှိဆုံးက လူ့အသက်ဆိုတဲ့ အတွေးလေး တွေးမိစေမှာပါ။
ဒီဇာတ်ကားဟာ စစ်တပ်တစ်တပ်ရဲ့ လူကြားမကောင်းတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်လေတော့ ပိတ်ပင်မှုလေးတွေတော့ ရှိပါတယ်။ Wiki မှာ ဖော်ပြထားတဲ့အတိုင်းဆိုရင် ဒီဇာတ်ကားကို..
– ပြင်သစ်မှာ ပြသခွင့် ပိတ်ပင်ထားပြီး ရိုက်ကူးပြီး ၁၈နှစ်အကြာ ၁၉၇၅ခုနှစ်မှ ပြသခွင့် ပြုခဲ့တာပါ။
– ဂျာမနီနိုင်ငံအနေနဲ့ ပြင်သစ်နိုင်ငံနဲ့ မိတ်ပျက်မှာစိုးတဲ့အတွက် အစောပိုင်းမှာ ပြသခွင့် မပေးခဲ့ပါဘူး။
– စပိန်မှာတော့ လုံးဝပိတ်ပင်ထားပြီး ၁၉၈၆ခုနှစ်မှာမှ ပြသခွင့်ပြုခဲ့တာပါ။
– ဆွစ်ဇာလန်နိုင်ငံမှာလဲ ၁၉၇၀ခုနှစ်မှာမှ ပြသခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
– အတွေးအခေါ်ပိုင်းဆိုင်ရာ ပွင့်လင်းပါတယ်ဆိုတဲ့ အမေရိကန်မှာတော့ ရိုက်ကူးပြီးချိန်ကတည်းက ပြသခွင့်ရပေမယ့် တပ်ထဲမှာတော့ အခုချိန်ထိ ကြည့်ခွင့်မရှိဘူးလို့ တွေ့ရပါတယ်။
အဲ ကျွန်တော်တို့နိုင်ငံမှာ ကြည့်ရူချင်ရင်တော့ ဟောဒီက BS မှာ အပြေးလေးသာလာကြည့်လိုက်ပါ…
အညွှန်းနဲ့ဘာသာပြန်သူကတော့ ကျွန်တော်တို့ရဲ့ စစ်ကားတော်တော်များများကိုပင်တိုင်ဘာသာပြန်ပေးနေတဲ့
ကိုဥက္ကာကျော်ကြီးဘဲဖြစ်ပါတယ်ခင်ဗျာ။