Blockbuster ရုပ်ရှင်တွေရဲ့ missing piece လို့တောင်
ပြောလို့ရတဲ့ ဒီဇာတ်ကားလေးက
အမေ့ခံဘ၀တစ်ခုအကြောင်း ပြောပြပါလိမ့်မယ်။
BS ပရိသတ်တွေထဲမှာ မိသားစု စားရေးသောက်ရေး၊
အိမ်သန့်ရှင်းရေး၊ လျှော်ရေးဖွတ်ရေး
အိမ်မှုကိစ္စအရေးပေါ်များစွာကို ဒိုင်ခံတာဝန်ယူထားရတဲ့
အိမ်ရှင်မ ဘယ်နှယောက်ပါပါသလဲ။
သင်ကိုယ်တိုင်က အိမ်ရှင်မမဟုတ်ရင်တောင်
သင့်မိသားစုထဲမှာ မိုးလင်းမိုးချုပ်
အိမ်ထဲကအိမ်ပြင်မထွက်နိုင်ဘဲ အလုပ်နဲ့လက်နဲ့မပြတ်အောင် တာဝန်ယူထားရသူ တစ်ယောက်တော့ ရှိမှာသေချာပါတယ်။
အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုမှာ အိမ်ရှင်မတစ်ယောက်ရဲ့
အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်ဆိုတာ
အထူးတလည်ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။
ဒါပေမယ့် ၀မ်းနည်းစရာကောင်းတဲ့အချက်က
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ အိမ်ရှင်မတွေက
အမေ့လျော့ခံလူတန်းစားတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပါပဲ။
အိမ်ထောင်သာယာဖို့အတွက် သူတို့ရင်းနှီးလိုက်ရတဲ့
အချိန်တွေ၊ ပျိုရွယ်မှုတွေ၊ စိတ်ကူးအိပ်မက်တွေဟာ
ထိုက်သင့်သလောက် အသိအမှတ်အပြုမခံကြရပါဘူး။
Puzzle လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားလေးက
ကျွန်တော်တို့ လျစ်လျူရှုထားတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့
ကိုယ်ပိုင်ဘ၀ကို လက်တွေ့ကျကျ ထင်ဟပ်ပုံဖော်ထားတဲ့
အမေရိကန်ဒရာမာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာကတော့ တကယ့်ကို
ရိုးရိုးလေးမှ ရိုးရိုးလေးပါပဲ။
မိသားစုအတွက် ဘ၀ကို ရာနှုန်းပြည့်ရင်းနှီးမြုပ်နှံထားတဲ့
အိမ်ရှင်မတစ်ယောက်ဟာ jigsaw puzzle တစ်ခု
မွေးနေ့လက်ဆောင်ရခဲ့ပြီး သူဘယ်တုန်းကမှမသိခဲ့တဲ့
ပင်ကိုယ်အစွမ်းအစတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီ့ jigsaw ကောင်းမှု အကြောင်းပြုလို့
မိသားစုဝင်တွေမသိအောင် သူနေထိုင်ရာ
ဆင်ခြေဖုံးမြို့လေးကနေ နယူးယော့ခ်မြို့ဆီ
တိတ်တဆိတ်ထွက်ခွာလာတဲ့လမ်းမှာ jigsaw
ဝါသနာပါတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး
အတ္တလန်တစ်စီးတီးမှာ ကျင်းပမယ့် jigsaw ပြိုင်ပွဲကို
ဝင်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။
အိမ်တွင်းပုန်း အိမ်ရှင်မတစ်ယောက်ရဲ့
တစ်ကိုယ်တော်စွန့်စားခန်းက ဘယ်လိုထူးခြားဆန်းသစ်တဲ့
အတွေ့အကြုံတွေ ဖန်တီးပေးမလဲ……………
သူမရဲ့ ဘ၀အမြင်တွေကို ဘယ်လိုပြောင်းလဲပေးမလဲ………….
ဘယ်လိုအခွင့်အလမ်းတွေ ဖန်တီးပေးမလဲဆိုတာ
အတူတူစီးမျောခံစားလိုက်ကြရအောင်လား………….
Review Credit to FOF