— Storyline —
US Airway လေကြောင်းအမှတ် 1549 ဟာ 2009 ခုနစ် Jan 15 ရက်နေ့မှာ လေယာဉ်ပျံတက်တက်ပြီးမကြာခင်မှာပဲ ငှက်အုပ်တစ်အုပ်နဲ့ တိုးမိလို့ အင်ဂျင်နှစ်လုံးလုံးရပ်သွားခဲ့ပါတယ်။ လေဆိပ်ကို ပြန်ဖို့ အကြံပြုနေပေမဲ့ လေယာဉ် Captain ဖြစ်သူ Chesley Sullenberger ဟာ အချိန်မရှိဘူးဆိုပြီး အနီးမှာရှိတဲ့ Hudson မြစ်အတွင်း ဆင်းခဲ့တာမှာ လေယာဉ်ပေါ်ပါသူ 155 ယောက်လုံး အသက်သေခြင်းမရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ စစပိုင်းမှာတော့ သူ့ကို Hero အဖြစ်သတ်မှတ်ဖေါ်ပြကြပေမဲ့ ထုံးစံအတိုင်း လေယာဉ်ပျက်ကျခြင်းနဲ့ မြစ်ထဲဆင်းရခြင်းကိစ္စကို တာဝန်ရှိသူတွေ အဖြေရှာကြတဲ့အခါမှာတော့ Captain Sully လည်း အခုကိစ္စမှာ အပြစ်ကင်းရဲ့လားဆိုပြီး မေးခွန်းတွေထွက်လာပါတော့တယ်။
.
— Review —
.
ဖြစ်ရပ်မှန်ဇာတ်လမ်း အခြေခံရုပ်ရှင်တွေရဲ့ အားနည်းချက်တစ်ခုက သိကြမဲ့အတိုင်း ကိုယ်က ဇာတ်လမ်းနဲ့ အဖြေကို သိနေပြီးသားဖြစ်နေတာပါ။ အခုကားမှာလည်း လေယာဉ်ပျက်ကျပြီး လူတွေကယ်တဲ့ဟာက အားလုံးသိနေပြီးသားလည်းဖြစ် ဘာမှထွေထွေထူးထူးလည်း ထပ်မပါလေတော့ ဇာတ်လမ်းရဲ့ ပထမတစ်ဝက်လောက်က ပျင်းစရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ Clint Eastwood ရဲ့ ရိုက်ချက်တွေနဲ့ Tom Hanks ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်ကောင်းမှုတွေကြောင့် Sully ဟာ အရမ်းကြီးမကောင်းပေမဲ့ တော်တော်လေး လက်ရာမြောက်လှတဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။
.
ပြသချိန် ၁နာရီ ခွဲ သာသာပဲရှိတဲ့ Sully ရုပ်ရှင်အနေနဲ့ ခုနကကပြောခဲ့သလို ဇာတ်လမ်းလည်းသိပ်မရှိပါဘူး။ ဇာတ်ကားတစ်ကားလုံးမှာလည်း Sully နဲ့ Jeff ဇာတ်ကောင်နှစ်ယောက်လောက်ပဲ သေချာပြထားခဲ့တယ်။ ဇာတ်လမ်းရဲ့သဘောအရ Sully ဟာ သူ့ကိုခြောက်လှန်နေဆဲဖြစ်တဲ့ လေယာဉ်ပျက်ကျခြင်း အတွေ့အကြုံနဲ့ သူ့ရဲ့ ဝေခွဲမရသေးတဲ့ အမှားအမှန်တွေကို ဖော်ပြတာ တော်တော်လေးထိမိပါတယ်။ Clint Eastwood ရဲ့ လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်တဲ့ ရိုက်ချက် တင်ဆက်ပုံတွေကတော့ တကယ်လက်လန်တဲ့အကွက်တွေဖြစ်ပြီး ရုပ်ရှင်တစ်ကားလုံးမှာ ကျွန်တော်သဘောအကျဆုံး အချက်တွေလည်းဖြစ်ပါတယ်။ ဆရာသမား Tom Hanks ကတော့ ထုံးစံအတိုင်း ပြောပြစရာလိုမယ်လို့တောင် မထင်တော့ပါဘူး။ (Minor spoiler alert!! : သူ့ရဲ့ ဝမ်းသားဝမ်းနည်း ထငိုတဲ့ အခန်းဟာဆို Forrest Gump တုန်းက နောက်ဆုံးပိုင်း ငိုတဲ့အခန်းကို ပြန်အမှတ်ရစေပါတယ်)။
.
Sully ရုပ်ရှင်ဟာ တခြားရုပ်ရှင်တော်တော်များများလိုသာ စခန်းသွားခဲ့ရင် flop ဖြစ်လောက်မဲ့ကားပါ။ ဘာလို့ဆို ဖြစ်ရပ်မှန်ဆိုပေမဲ့ ဇာတ်လမ်းက ဘာမှထွေထွေထူးထူးလည်းမရှိသလို တိုတိုလေးရယ်။ အလားတူ အချို့ရုပ်ရှင်တွေဆိုလည်း ဇာတ်လမ်း သိပ်မရှိတာကို နာမည်ကြီးဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ပစ်ထည့်ပြီး ရိုက်ရင် လွဲသွားတတ်ကြပေမဲ့ Sully ကတော့ Clint Eastwood နဲ့ Tom Hanks တို့နဲ့ တော်တော်လေးအသားကျခဲ့လို့ အခြေအနေမဆိုးခဲ့ပါဘူး။ အရမ်းကောင်း perfect/must see ရုပ်ရှင်တစ်ကား မဟုတ်ပေမဲ့ ကြည့်လိုက်လို့လည်း မမှားတဲ့ရုပ်ရှင်တစ်ကားပါ။
Review Credit to DatShin Facebook Page