ယခုတစ်ခါထပ်မံတင်ဆက်ပေးမှာကတော့ IMDB Rating မှာ Top 140 ကိုစာရင်းချိတ်ခဲ့ပြီး အော်စကာဆုပေါင်း ၇ ခုအပြင် အခြားသောဆုများစွာကိုလည်း ရယူပေးနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်… လုံးဝကို Old but Gold ပါခင်ဗျာ….
ကွေမြစ်ပေါ်ကတံတား
*********************
၁၉၅၇ ခုနှစ်က ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ခံဇာတ်ကားဖြစ်ပြီး မြန်မာ-ယိုးဒယားနယ်စပ်အနီးက ကွေ ဆိုတဲ့ မြစ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်လို့ တော်တော်များများလဲ ကြည့်ဖူးကြမှာပါ။
ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အစောပိုင်းကာလ ဂျပန်တို့စစ်ဦးဘီလူးဖြစ်ခဲ့ချိန် စင်ကာပူခံတပ်ကို အောင်နိုင်ချိန်မှာ စစ်သုံ့ပန်းဖြစ်ခဲ့ရတဲ့ ဗြိတိန်တပ်ရင်းတစ်ရင်းဟာ ယိုးဒယား-မြန်မာနယ်စပ်က ကွေ ဆိုတဲ့ မြစ်အနီးက ဂျပန်ချွေးတပ်စခန်းတစ်ခုကို အပို့ခံရတာနဲ့ စပါတယ်။ ဒီစခန်းရဲ့ ရည်ရွယ်ချက်က မြစ်ကိုဆက်သွယ်ပေးမယ့် တံတားတစ်စင်းဆောက်ဖို့ဖြစ်ပြီး ကြီးကြပ်နေသူကတော့ စစ်သုံ့ပန်းတွေကို ခိုင်းတဲ့နေရာမှာတော့ နာမည်ဆိုးနဲ့ နာမည်ကျော်သူ ဂျပန်ဗိုလ်မှူးကြီးတစ်ဦးပါ။ ဗြိတိန်တပ်ရင်းကို ဦးဆောင်လာသူကတော့ စည်းကမ်းတွေ၊ ဥပဒေတွေကို တန်ဖိုးထားတဲ့၊ ဗြိတိန်သားတွေရဲ့ စံနှုန်းဖြစ်တဲ့ လူကြီးလူကောင်းဆိုတာကို အလေးပေးတဲ့ ဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ချိန်မှာတော့ ကတောက်ကဆဖြစ်ကြပါတယ်။ သူ့အမိန့်ကို အလွန်ဆန်မခံတဲ့ ဂျပန်တပ်မှူးနဲ့ စည်းမျဉ်းနဲ့ ကျင့်ဝတ်ကို အလေးထားတဲ့ ဗြိတိန်တပ်မှူးတို့ဟာ အရာရှိအဆင့်ကို အခြားအဆင့်နဲ့တန်းတူ အလုပ်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဆင်မပြေဖြစ်ကြပြီး ဗြိတိန်တပ်မှူးနဲ့ သူ့အရာရှိတွေဟာ အချုပ်ခံလိုက်ရပါတယ်။
ဂျပန်တပ်မှူးအနေနဲ့ ဗြိတိန်တပ်မှူးရဲ့ မာန်ကိုရိုက်ချိုးဖို့လုပ်ရပ်ဟာ ထင်သလောက်မလွယ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ လုပ်ငန်းပိုင်းနှောင့်နှေးမှုတွေ ကြုံတွေ့လာချိန်မှာတော့ ဂျပန်တပ်မှူးဟာ သူ့မာန်ကိုပဲ ရိုက်ချိုးခဲ့ရပြီး ဗြိတိန်တပ်မှူးကို အလျော့ပေးခဲ့ရပါတယ်။ ဗြိတိန်တပ်မှူးဟာ လုပ်ပိုင်ခွင့်ရတာနဲ့ လက်အောက်က စစ်သည်တွေကို စည်းရုံးပြီး တံတားဆောက်တဲ့လုပ်ငန်းကို စအကောင်အထည်ဖော်ပါတယ်။ သူ့စိတ်ထဲမှာ တစ်ခုထဲရှိတာက ဗြိတိန်လူမျိုးဆိုတာဘာလဲ၊ ဗြိတိန်စစ်သားဆိုတာဘာလဲ ဘာလုပ်နိုင်လဲ ဆိုတာကို ဒီတံတားနဲ့ ပုံဖော်မယ် ဆိုတာပါပဲ။ ဒီလိုနဲ့ပဲ တံတားကြီးက တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။
တံတားကြီးဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့သလို အခြားတစ်ဖက်မှာလဲ ပြင်ဆင်မှုတွေ ရှိနေခဲ့ပါတယ်။ အဲ။ါကတော့ မဟာမိတ်တပ်တွေရဲ့ လှုပ်ရှားမှုတွေပါ။ မဟာမိတ်တပ်တွေအနေနဲ့ ဂျပန်တွေ အရှေ့တောင်အာရှတစ်ဝိုက် ချုပ်ကိုင်သွားနိုင်စေမယ့် ဒီရထားလမ်းနဲ့တံတား ပြီးသွားဖို့ ခွင့်မပြုနိုင်ပါဘူး။ ဒီအတွက် ကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ စေလွှတ်ပြီး ဖျက်ဆီးဖို့ စီစဉ်ပါတယ်။ ဒီအထဲမှာ အဲဒီစခန်းက ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးပါ ပါဝင်ခဲ့ပါတယ်။ ကွန်မန်ဒိုအဖွဲ့ဟာ အခက်အခဲတွေကို ကျော်လွှားပြီး တံတားကို တိတ်တဆိတ်ဖျက်ဆီးဖို့ ရောက်လာချိန်မှာတော့ တံတားကြီးဟာပြီးစီးနေပြီဖြစ်သလို ဒီတံတားရဲ့ ဖန်တီးရှင် ဗြိတိန်ဗိုလ်မှူးကြီးအနေနဲ့လဲ တံတားအပေါ် သံယောဇဉ်တွယ်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဖောက်ခွဲဖျက်ဆီးမယ့်အချိန် ရောက်လာချိန်မှာတော့ သူဟာ သူတည်ဆောက်ထားတဲ့ ဖြစ်တည်မှုတစ်ခုနဲ့ သူတည်ဆောက်ခံထားရတဲ့ အခြေအနေတစ်ခုကြား ဗျာများနေရင်းကပဲ…
ဒီဇာတ်ကားလေးကို ငယ်ကတည်းက ကြည့်ဖူးခဲ့တာဖြစ်ပြီး ခုချိန်မှာပြန်ကြည့်မိတော့ ကွဲပြားတဲ့ အဓိပ္ပါယ်နဲ့ ခံစားချက်တချို့ကို မြင်တွေ့ခံစားရတယ်လို့ ဆိုချင်ပါတယ်။ တစ်ယောက်ထဲအမြင်နဲ့ဆို ဒီဇာတ်ကားဟာ စည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ဝတ်တွေ၊ စံနှုန်းတွေဟာ လိုက်နာသူတွေအတွက် အမှားတစ်စုံတစ်ရာ မရှိရလေအောင်၊ ပိုကောင်းအောင် ထိန်းကွပ်ဖို့ ရည်ရွယ်ကြပေမယ့် တရားလွန်ကိုးကွယ်မိတဲ့အခါ ဖန်တီးသူ၊ လိုက်နာသူတွေကိုပဲ ချုပ်နှောင်ရင်း ရွေးချယ်စရာမဲ့တဲ့ အနေအထားမျိုး တွန်းပို့တတ်တာတွေ၊ ဘဝဆိုတာ ရုန်းကန်လှုပ်ရှားနေဖို့ သက်သက်မဟုတ်ဘဲ တခြားအဓိပ္ပါယ်တွေလဲရှိနေတယ်ဆိုတာမျိုးတွေ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ လုပ်ရပ်အချို့ကို မော်ကွန်းဝင်စေချင်တဲ့ မသိစိတ်ရဲ့ စေ့ဆော်မှုတွေကို မီးမောင်းထိုးပြသွားတယ်လို့ ခံစားမိပါတယ်။
ဒီဇာတ်ကားလေးကို ကြည့်ပြီးတဲ့အခါ ဘာသာပြန်ပြီး စာတန်းထိုးချင်တဲ့စိတ်လေးဖြစ်လာတဲ့အတွက် တတ်သလောက် မှတ်သလောက်နဲ့ ဘာသာပြန်ဖြစ်ပါတယ်။ မူရင်းအာဘော်ကို အနီးစပ်ဆုံး ချဉ်းကပ်မိမယ်လို့တော့ မျှော်လင့်မိပါတယ်။
အညွန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဥက္ကာကျော် ဖြစ်ပြီး Sai Wunna[Pyinmana] မှ 1080p bluray ဖြင့်တက်ဆက်ပေးထားပါတယ်……