The Dam Busters (1955)
Synopsis:
The Dam Buster
*****************
အချိန်ကား ၁၉၄၃ခုနှစ်။ နာဇီဂျာမနီတို့၏ လေကြောင်းအင်အားမှာ စစ်ကြီးအစလောက် အင်အားမထွားနိုင်တော့သော်လည်း ရံဖန်ရံခါဆိုသလို ဗြိတိန်မြို့တော် လန်ဒန်ကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ ဗြိတိန်လေတပ်အနေဖြင့်ရန်သူဂျာမန်ပစ်မှတ်များအား ပြန်လည်ဗုံးကြဲတိုက်ခိုက်နေပြီဖြစ်သော်လည်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိသေး။ ဗြိတိန်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြည်သူတို့ စိတ်အားတက်ကြွစေကာ ရန်သူဂျာမန်တို့ကိုလည်း အရှိုက်ထိုးမိစေသလို ဖြစ်စေမည့် တစ်ချက်ခုတ် နှစ်ချက်ပြတ် စစ်ဆင်ရေးကြီးတစ်ခုကို ဆင်နွှဲရန် အားသန်လျက် ရှိပေသည်။
ထိုသို့ရန်သူ့အရှိုက်ကို ထိုးမိစေသလို ဖြစ်စေမည့် ပစ်မှတ်များကား မရှိမဟုတ်၊ ရှိပေသည်။ ဂျာမန်လက်နက်စက်ရုံများ လျှပ်စစ်ဓာတ်အားအတွက် မှီခိုနေရသော ရေကာတာကြီးများကို ဖြိုလိုက်လျှင် ရန်သူ့စွမ်းအင်အရင်းအမြစ်ကို ရိုက်ချိုးနိုင်ရုံမျှမက ရေကြီးရေလျှံဖြစ်စေကာ ဂျာမန်ပြည်သူတို့၏ စိတ်ဓာတ်ကိုလည်း ရိုက်ချိုးနိုင်ပေလိမ့်မည်။ ခက်နေသည်ကား အဘယ်သို့သော လက်နက်ခဲယမ်းမျိုးကို သုံးမည်နည်းဆိုသော မေးခွန်းပင်ဖြစ်သည်။ အင်ဂျင်နီယာအတတ်ပညာတွင် ဆရာတစ်ဆူဟု ဆိုရမည့် ဂျာမန်အင်ဂျင်နီယာတို့၏လက်ရာဖြစ်သော ရေကာတာကြီးများ၏ ခိုင်ခံ့မှုမှာ မာကျောတောင့်တင်းလှသည်ဖြစ်ရာ လက်ရှိသုံးနေသည့် ပေါင်ငါးရာဗုံးများမှာ ပန်းနဲ့ပေါက်သကဲ့သို့ ရှိပေမည်။ တွက်ချက်မှုများအရ အဆိုပါရေကာတာကြီးတစ်ခုကို ကျိုးပေါက်သွားစေရန် ယမ်းတန်ချိန် ၁ဝတန်ခန့်အသုံးပြုရမည်ဟုဆိုရာ အဆိုပါအလေးချိန်ကို သယ်ဆောင်နိုင်သည့် လေယာဉ်မှာလည်း မပေါ်ပေါက်သေးသည်ဖြစ်၍ ဗြိတိန်ခေါင်းဆောင်တို့မှာ မည်သို့မှ အကောင်အထည်မဖော်နိုင်ဘဲ ရှိကြလေသည်။
ထိုအခိုက်တွင် ဗြိတိန်အင်ဂျင်နီယာ ဘန်းစ်ဝေါလေ့စ်ဆိုသူက အကြံအစည်တစ်ခုကို တင်ပြလာသည်။ သူ့စိတ်ကူးအရမူ ဗုံးကို နေရာကိုက် အချိန်ကိုက်ဖောက်ခွဲနိုင်လျှင် ယမ်းတန်ချိန်ငါးတန်လောက်သာလိုမည်။ အရေးကြီးသည်က ဗုံးကို ပစ်မှတ်ဆီ အရောက်ပို့နိုင်ဖို့ ဖြစ်သည်။ ကနဦးအစတွင် သူ့၏ဆန်းပြားသော စိတ်ကူးကို ဘယ်သူမှ လက်မခံ။ ပုံစံငယ်များဖြင့် စမ်းသပ်ပြီး ဖြစ်နိုင်ကြောင်း သက်သေပြနိုင်မှ လက်ခံလာကြပြီး ထုတ်လုပ်ရန် ခွင့်ပြုလိုက်ကြသလို အဆိုပါဗုံးအား ကြဲချရန် ဗုံးကြဲလေယာဉ်အုပ်တစ်ခုကိုပါ ဖွဲ့စည်းလိုက်ကြသည်။
ဝေါလေ့စ်၏ဗုံးမှာ အခြားသောဗုံးများနှင့် ကြဲချပုံချင်းတူညီသည် မဟုတ်ပေ။ ပစ်မှတ်အနီး တိကျစွာ ပေါက်ကွဲမှသာ ထိရောက်မည်ဖြစ်၍ ဗုံးကြဲလေယာဉ်အဖွဲ့သားများမှာ လိုအပ်သော အမြင့်ပေ၊ အမြန်နှုန်းနှင့် အကွာအဝေးအတွင်း တိကျစွာကြဲချနိုင်ရန် အထူးတလည် လေ့ကျင့်ကြရသည်။ ဗုံးပညာရှင် ဝေါလေ့စ်မှာလည်း အေးအေးလူလူ နေနိုင်သည်မဟုတ်။ သုတေသနအဆင့်မှသည် လက်တွေ့အသုံးပြုနိုင်သည့်အဆင့်ရောက်အောင် ဒီဇိုင်းပိုင်း အားနည်းချက်များကို ပြုပြင်ရင်း မအားလပ်နိုင်အောင် ဖြစ်နေရသည်။ ဗုံးအဖွဲ့နှင့် လေယာဉ်အဖွဲ့တို့ ကြိုးစားမှုကို စောင့်မနေသည်က အချိန်ဖြစ်သည်။ ပစ်မှတ် ရေကာတာကြီးများအနေဖြင့် အမြင့်ဆုံးရေချိန်ပမာဏကို ရောက်ရှိတော့မည်ဖြစ်၍ စစ်ဆင်ရေးကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် တက်သုတ်ရိုက်ရတော့သည်။ သို့မဟုတ်ပါက ခဲလေသမျှသဲရေကျဆိုသလို အချိန်နောက်တစ်နှစ်ခန့် စောင့်ရပေလိမ့်မည်။
ဒီလိုနှင့်ပင် စစ်ဆင်ရေးစတင်မည့်နေ့သို့ ရောက်ခဲ့ပြီဖြစ်သည်။ လေယာဉ်အဖွဲ့သားများအနေဖြင့် ရန်သူဂျာမန်ပိုင်နက်ထဲကို ဝင်ရောက်ကာ ပစ်မှတ်ရေကာတာကြီးများကို လေ့ကျင့်ထားသည့်အတိုင်း ဗုံးကြဲနိုင်ကြမှာပါလား၊ ဗုံးကရော စမ်းသပ်မှုတွေထဲကလို ရေကာတာကြီးများကို ချိုးဖျက်နိုင်မှာပါလား၊ လေယာဉ်အဖွဲ့သားတွေကရော အမိမြေကို ပြန်လာနိုင်ကြမှာပါလား။
ဒီစစ်ဆင်ရေးသမိုင်းနောက်ခံကို ၁၉၅၅ခုနှစ်မှာ The Dam Buster အမည်နဲ့ ဇာတ်ကားပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပြီး ဗုံးတစ်လုံး ထုတ်လုပ်နိုင်ဖို့ သုတေသနဆောင်ရွက်မှုအဆင့်တွေ၊ အဲဒီခေတ်က ဗုံးကြဲလေယာဉ်တွေရဲ့ အလုပ်လုပ်ပုံတွေကို မြင်တွေ့ရမှာဖြစ်လို့ လက်နက်ခဲယမ်းစိတ်ဝင်စားသူတွေ စိတ်ဝင်စားမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။
ကျွန်တော်အနေနဲ့ သဘောကျမိတာက ရန်သူကို ချေမှုန်းနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တစ်ခုအောက်မှာ သုတေသနလုပ်ငန်းတစ်ခုကို ပူးပေါင်းအကောင်အထည်ဖော်ကြတဲ့ ပုံစံဖြစ်ပါတယ်။ ဒီကားထဲက ဗုံးထုတ်လုပ်သူ Producer အနေနဲ့ ဒီဇိုင်းပိုင်း ချို့ယွင်းချက်မရှိရလေအောင် စိတ်ရောကိုယ်ပါနှစ်ပြီး အသေးစိတ်တွက်ချက်မှုတွေနဲ့ ဗုံးကိုတည်ဆောက်ခဲ့သလို အသုံးပြုမယ့် User အနေနဲ့လည်း ဗုံးကြဲချရမယ့် နည်းလမ်းတွေဟာ အန္တရာယ်များမှန်းသိပေမယ့် မဖြစ်ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာကို သွားတွေ့ရပါတယ်။ ပြောရရင် သုတေသနလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုရင် Team Work ဟာအရေးကြီးတယ်ဆိုတဲ့အကြောင်း မြင်တွေ့ရပါတယ်။
အခုရေးခဲ့တဲ့ ရေကာတာတွေကို ဖျက်ဆီးတဲ့ Bouncing Bomb နဲ့ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ မူကွဲတစ်ခုရှိနေတာက ဆရာဦးလှဝင်း (လေသူရဲတစ်ဦး)ရေးတဲ့ “ငလျင်ဗုံးကြဲခဲ့စဉ်က” ဆိုတဲ့ ဝတ္ထုဖြစ်ပါတယ်။ ဒီဝတ္ထုမှာ ပါတဲ့အကြောင်းအရာတွေဟာ ဒီစစ်ဆင်ရေးအကြောင်းကိုပဲ ရေးတာဖြစ်ပေမယ့် ဗုံးအကြောင်းရေးထားတာတချို့တော့ လွဲမှားမှုရှိနေတာကို တွေ့ရပါတယ်။ ဆရာဦးလှဝင်းအနေနဲ့ ဒီဝတ္ထုကို ဒီနေ့ခေတ်လို လွယ်လင့်တကူ လေ့လာဖို့မလွယ်တဲ့ ၁၉၇၄ခုနှစ်ကတည်းက ဘာသာပြန်ခဲ့တာဖြစ်လို့ ဒီလိုအမှားအယွင်းလေးတွေ ပါသွားတာလို့ ယူဆမိပါတယ်။
စိတ်ဝင်စားသူတွေကြည့်ရူနိုင်ဖို့ ဒီဇာတ်ကားလေးကို ဘာသာပြန်စာတန်းထိုးထားပြီး ကြည့်ချင်ရင်တော့ BS မှာ ဒေါင်းပြီး ကြည့်ရှုခံစားနိုင်ပါပြီ…
အညွှန်းနဲ့ဘာသာပြန်သူကတော့ BS ရဲ့ စစ်ရေးစစ်ရာဇာတ်ကားတွေကို အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးနေကြဖြစ်တဲ့ ကိုဥက္ကာကျော်ကြီးမှ အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်