ဒီခေါင်းစဉ်မြင်လိုက်ရုံနှင့် Western Films တွေကို ကြည့်နေကျ ပရိတ်သတ်တွေ သိပြီးသားဖြစ်မည်ဟု ယုံကြည်မိပါသည်။ဟောလိဝုဒ်ရဲ့ အစဉ်အလာကြီးမားလွန်းတဲ့ ကောင်းဘွို င်ရုပ်ရှင်ကားတွေထဲမှာ ယခု ရုပ်ရှင်ကားကလည်း ထိပ်တန်းစာရင်းမှာ အမြဲလိုပင် နေရယူထားပါသည်။ယခုဇာတ်ကားရဲ့ အရှိန်အဝါကို ယူပြီး ကောင်းဘွို င်ရုပ်ရှင်တွေ တစ်သီကြီးထွက်လာခဲ့သည်။
အမှန်တကယ်ဆိုရလျှင် ယခုရုပ်ရှင်ကားရဲ့မူလဖန်တီးရာသည် 1954ခုနှစ်ထွက် ဂျပန်ရုပ်ရှင် Seven Samurai ရုပ်ရှင်ကားဖြစ်ပြီး ယင်းရုပ်ရှင်ကားမှ ဇာတ်လမ်းဇာတ်ကွက်တွေကို အနောက်တိုင်းစတိုင်လ် ပြု ပြင်ဖန်တီးပြီး ပြန်လည်ရိုက်ကူးခြင်းဖြစ်သည်။1960ခုနှစ်တွင် ဟောလိဝုဒ် ဒါရိုက်တာ John sturgesက ထိုခေတ်က အကျော်အမော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကတုံးမင်းသားကြီး Yul Brynner |Steve McQueenစတဲ့ ဇာတ်ဆောင်တွေနှင့် ခမ်းခမ်းနားနား ရိုက်ကူးခဲ့သည်။အောင်မြင်မှု များစွာလည်း ရရှိခဲ့ပါသည်။နောင်ကာလများတွင်လည်း မီနီစီးရီး အသွင်မျိုး တင်ဆက်ခဲ့သေးသည်။
ယခု 2016ကာလတွင်မူ ဟောလိဝုဒ်ကနေ လက်ရှိနည်းပညာများ လက်ရှိခေတ်နာမည်ကြီးသရုပ်ဆောင်များဖြင့် ပြန်လည်တင်ဆက်လိုက်ပြန်ပါပြီ။မင်းသားကြီး Denzel Washingtonအား အော်စကာဆုရစေခဲ့သည့် The Training Day ဇာတ်ကားနှင့် 2014ခုနှစ်က The Equalizer လို အက်ရှင်ကားကောင်းတွေအား ရိုက်ကူးထားခဲ့တဲ့ ဒါရိုက်တာကြီး Antoine Fuqua က သူ့ရဲ့ငယ်ဘဝက သိပ်ပြီးလွှမ်းမိုးခံခဲ့ရတဲ့ ယခုရုပ်ရှင်ကားအား ပြန်လည်ဖန်တီးခွင့်ရလို့ ပျော်ရွှင်ကြောင်း ရင်ဖွင့်ထားသေးသည်။နောက် မင်းသားကြီး Denzel Washington|Ethan Hawke|ကိုရီးယားရုပ်ရှင်စတား Byung-hun Lee စတဲ့ သရုပ်ဆောင်များဖြင့် အသစ်ဖန်တီးထားသော ဆက်တင်ပြောင်းလဲမှု များဖြင့် ကြီးကျယ်ခမ်းနားလွန်းတဲ့ Western Film ဇာတ်ကားကောင်းတစ်ခုကို ပရိသတ်တွေရှေ့မှောက်ထံ လက်ရှိအချိန်မှာ အောင်မြင်စွာ ချပြနိုင်ခဲ့ပြီသလို စံချိန်တင် ဝင်ငွေတွေလည်း တစ်ဖွဲဖွဲရရှိနေပြီ ဖြစ်ပါသည်။
The Magficent Seven(1960)၏ ဇာတ်လမ်းအကျဉ်းကို တင်ပြရလျှင် မက္ကဆီကန် နယ်စပ်က ရွာကလေးရှိ ရွာသားများအပေါ် အနိုင်ကျင့် နှိပ်စက်နေသည့် တောပုန်းဓါးမြကြီးအဖွဲ့အား သေနတ်သမား ခုနှစ်ယောက်က ပြန်လည်ကာကွယ်ပေးသည့် ဇာတ်လမ်းဖြစ်ပါသည်။
တောပုန်းဓါးမြကြီး Calvera၏ အနိုင်ကျင့် သတ်ဖြတ် အခွန်ကောက်ခြင်းကို ခံနေရတဲ့ ရွာသားတွေက ခံရပေါင်းများလာသည့်အခါမှာ တုံ့ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတွေအား ရှာဖွေလာခဲ့ပါသည်။အနီးရှိမြို့ စောင့်တပ်အား အကူအညီတောင်းလျှင်လည်း ဓါးမြကြီးအဖွဲ့က ရိပ်မိသွားလေ့ရှိပြီး ပေါ်မလာတော့။သူတို့ပြန်သွားပြီဆိုတာ သိရှိသွားလျှင် ရွာထဲကို ပြန်ရောက်လာတော့သည်။အတိုးချနှိပ်စက်တော့သည်။ဘိုးစဉ်ဘောင်ဆက် ဓါးမဦးချ လယ်ယာလုပ်ငန်းသာ လုပ်ကိုင်လာခဲ့ကြသည့် သူတို့အတွက် သေနတ်လည်း မပစ်တတ်တော့အခက်ကြုံ နေရသည်။အခုပုံအတိုင်း တိုက်ခိုက်ပါက ဓါးမြကြီးတို့အဖွဲ့၏ သေနတ်ဖျားအောက်မှာ အသက်ပျောက်ကုန်မှာ အသေအချာပင်ဖြစ်သည်။ထို့နောက်မှာ ရွာလူကြီး၏ အကြံပေးချက်အရ အမေရိကန်ပြည်မကြီးထဲကို ရွာသားတွေ ထွက်ခွာခဲ့ပြီး သေနတ်ဖြစ်ဖြစ် ဝယ်ယူရန်နှင့် တိုက်ရေးခိုက်ရေးနားလည်သူတွေကို အကူအညီတောင်းဖို့ရာ သွားခဲ့ကြသည်။ပြည်မတွင် အထင်ကြီးဖွယ် သေနတ်သမားတွေအား တွေ့ဆုံရသည်။တွေ့ကြုံ နေရသည့် အခက်အခဲတို့အား ပြောပြပြီး အကူအညီတောင်းသည်။
ထို့နောက်မှာ သူတို့ခုနှစ်ယောက်ရဲ့ လက်ရုံးရည် |နှလုံးရည်နှင့်သက်ဆိုင်သော စိတ်ဓါတ်ရေးရာတို့အား ဇာတ်လမ်းထဲတွင် အားကျစဖွယ် အတုယူချင်သဖွယ် ဖြစ်အောင် ရိုက်ကူးပြထားသည်ကို တွေ့ရပါမည်။1960ခုနှစ်ထုတ်ရုပ်ရှင်ဖြစ်သော်လည်း တိုက်ခိုက်ခဏ်းတွေ ။ရိုက်ချက်တွေက အထူးပင်ကောင်းမွန်လှပြီး နှစ်နာရီကျော်ကြာသော ရုပ်ရှင်ကားသည် နဲနဲကလေးမှပင် ပျင်းရိငြီးငွေ့ခြင်းတစ်ချက်ကလေးမှမရှိခဲ့သလို ကတုံးမင်းသားကြီး ယူဘရိုင်နာနှင့်အခြားသရုပ်ဆောင်များ၏ တွဲဖက်ညီစွာ သရုပ်ဆောင်နိုင်မှု ကြောင့်ဖြစ်မည်ထင်ပါသည်။နောက်ပြီး ဓါးမြကြီးနေရာက သရုပ်ဆောင်ခဲ့သည့် မင်းသားကြီး Eli Wallach ၏ သရုပ်ဆောင်ချက်တွေကြောင့်ရောပါပေမည်။
2016 ရုပ်ရှင်မှာမူ Character ကိုသာပြန်ယူ၍ ဇာတ်အိမ် နောက်ခံကိုမူ ပြောင်းလဲထားသည်ကို တွေ့ရပါမည်။1879ခုနှစ် အမေရိကန် အနောက်ပိုင်း မြို့ ငယ်ကလေးအား ရွှေရှာဖွေရေးလုပ်ငန်းရှင်ကြီးက လက်နက်အင်အားဖြင့် အနိုင်ကျင့်စိုးမိုးကာ အုပ်ချု ပ်လျက်ရှိသည်ကို မခံရပ်နိုင်ဖြစ်ကြတဲ့ အလုပ်သမားMatthew၏ ဇနီးဖြစ်သူက သေနတ်ပစ်ကျွမ်းကျင်ပြီး တိုက်ရည်ခိုက်ရည်ကောင်းမွန်လှသည့် သေနတ်သမားများအား အကူအညီတောင်းရန် ထွက်ခွာခဲ့ကြသည်။ထို့နောက်တွင် သေနတ်သမား အရာရှိဖြစ်သူ Sam(Denzel Washington)အား တွေ့ဆုံပြီး အကူအညီတောင်းခံသည်။သို့ရာတွင်မူ ငြင်းဆိုခဲ့ပြီး အကြောင်းရင်းသိရန် ဆန်းစစ်ခဲ့သည်။
အကယ်စင်စစ်မှာမူ ယင်းပုဂ္ဂို လ်တွေ၏ အနိုင်ကျင့်နေမှု တွေအား သိရှိသွားချိန်မှာ Samက သူလိုလက်ရည်တူ အဖွဲ့များအား စုစည်း၍ တိုက်ခိုက်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
ရှေ့ဆက်ဘာတွေဖြစ်မည်ကိုတော့ ပိတ်ကားပေါ်တွင်သာ ကြည့်ရှု ရမည်ဖြစ်ပါသည်။မူရင်းဇာတ်ကားရဲ့ အရှိန်အဝါ သရုပ်ဆောင်မှု တွေအား ကျော်နိုင်မည်လား။အနှစ်သာရအားဖြင့်ရော တန်းတူရှိမရှိဆိုတာကိုတော့ ကြည့်ရှု ပြီးမှသာ သိရှိနိုင်ပါမည်။
ဘာတွေပဲဖြစ်ပါစေ။ သူရဲကောင်းလို့ ညွှန်းဆိုခံရဖို့ လူတစ်ကာနှု တ်ဖျားမှာ ထာဝရ ချီးမွန်းစကားတွေကျန်နေရစ်ဖို့။ လူတစ်ကာနှု တ်ဖျားမှာ ချီးကျူးပြောဆိုခြင်း ခံရမယ့်
လူတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရာတွေ လိုအပ်တာပါလဲ။ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ ။
တိုက်ရည်ခိုက်ရည် ကောင်းဖို့ထက်
နာကျင်ခြင်းတွေကို အပြုံးမပျက်ခံနိုင်ဖို့ထက်
ကြောက်ရွံ့ခြင်း ကင်းမဲ့နေဖို့ထက်
ကိုယ့်ထက်အားငယ်နေတဲ့သူအပေါ်
တွဲခေါ်နိုင်တဲ့သူ။သူပြု လုပ်နိုင်စွမ်းသမျှကို
အသိအမှတ်ပြု လေးစားပေးသူ
သူတို့အထင်ကြီးနေသမျှ စွမ်းဆောင်ရည်များကို
နှိမ်ချပြောဆိုလေ့ရှိသူ ။
လူသားတိုင်းက ကိုယ့်ရှင်သန်မှု တွေအတွက်
ရပ်တည်နေတယ်ဆိုပေမယ့်
တွေ့ကြုံ လိုက်ရတဲ့ ဖိနှိပ်မှု တွေကို မြင်ရတဲ့အခါ
ကိုယ့်ရပိုင်ခွင့်မှန်သမျှကို စွန့်လွှတ်ပစ်ဖို့
ဝန်မလေးသူ။
ရန်သူအဖြစ် ရင်ဆိုင်နေရပေမယ့်
အောက်တန်းကျစိတ်နဲ့ မတိုက်ခိုက်ပဲ လေးစားစွာ
ယှဉ်ပြို င်တိုက်ခိုက်သောသူ
စသဖြင့်
အဲဒီလို လူသားတွေပါဝင်တဲ့ ကာလကို ခံစားချင်ရင်တော့ ယခု ရုပ်ရှင်တွေထဲကို ကျွန်တော်တို့ပရိသတ်တွေအားလုံး သွားရောက်ကြည့်ရှု လိုက်ကြရအောင် ။
(အထက်ပါ စကားလုံးများသည် The Magnificent Seven 2016ရုပ်ရှင်ကား မကြည့်ရသေးခင်မှာပင် ဆောင်းပါးအချို့ အားမှီငြိမ်းကိုးကားလျက် ရေးသားထားခြင်းဖြစ်ပါသည်။
လက်တွေ့မျက်ဝါးထင်ထင်ကြည့်ရှု့လိုက်ရချိန်မှာမူ မျှော်မှန်းသလောက်ကျေနပ်မှု မရခဲ့သဖြင့် အတော်ပင် ကသိကအောင့်ဖြစ်ခဲ့ရပါသည်။ဦးဆုံး Seven Samurai ကြည့်ရှု ပြီးသူများက ဟောလိဝုဒ်ကနေ ဒါရိုက်တာ John sturgesထပ်မံရိုက်ကူးသည့် ဇာတ်ကားအား သဘောမတွေ့သလိုမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။မည်သို့ပင်ဖြစ်စေကာမူ 1960 TMS ရုပ်ရှင်သည် ခြိမ့်ခြိမ့်သဲအောင်မြင်ခဲ့သလို နောက်ထပ်ပင် အသက်သွင်းရိုက်ကူးခဲ့တာမနည်းတော့။လက်ရှိ 2016ရုပ်ရှင်ကိုလည်း အော်စကာဆုတွေပင် ရရှိအောင် ရိုက်ကူးနိုင်သည့် ဒါရိုက်တာ Antoine Fuqua ၏ လက်ရာဆိုတော့ မူရင်းဇာတ်ကားက အငွေ့အသက်ကလေးတွေ ပြန်ပါမလာမလား ပြန်ရမလား အတော်မျှော်လင့်ချက် ထားမိခဲ့သည်။
စာပေသည် ပြည်သူအတွက် ဘာရေးရေး မက်ဆေ့ကျန်ခဲ့ရမည်ဆိုသည့် စကားလုံးတွေအား လက်ခံလိုစိတ်မရှိပေမယ့် ယခုရုပ်ရှင်ကားကမူ အပြု သဘောဆောင်သော ဇာတ်ကားအမျိုးအစားဖြစ်သောကြောင့် ကြည့်ရှု့ သူတွေအပေါ် မတရားမှု အား ဆန့်ကျင်လိုစိတ်။ကိုယ်ကျိုးစွန့်သော လူသားတွေအပေါ် လေးစားလိုစိတ်ပေါ်လွင်အောင် အဓိကထားရိုက်ကူးပေးရမည်ဟု မြင်မိပါသည်။
1960ရုပ်ရှင်ကားမှာမူ အဲသည်အချက်တွေကို အဓိကပေါ်လွင်အောင် ရိုက်ကူးထားသည်ကို တွေ့ခဲ့ရသည်။ယူဘရိုင်နာ ဦးဆောင်သော အဖွဲ့များသည် တိုက်ရည်ခိုက်ရည်ထူးချွန်သူများပီပီ ထီမထင်နေထိုင်သူများဖြစ်သည်။ထို့ကြောင့်ပင် ပိုက်ဆံလိုအပ်နေချိန်မှာ ရွာကလေးအပေါ် ဓါးမြတိုက်လေ့ရှိသည့် အဖွဲ့ကြီးအား နှိမ်နင်းရန်အတွက် လက်ခံခဲ့သည်။သူတို့အဖွဲ့ဝင်ဖြစ်လိုသည့် ကောင်လေး၏ ကမောက်ကမ ဖြစ်တည်မှု တွေကလည်း ကြည့်ရင်းနှင့် သဘာဝကျသော ဟာဒယရသကို ခံစားခဲ့ရသည်။တကယ့် Western ရုပ်ရှင် အငွေ့အသက်ကို အပြည့်အဝ ခံစားခဲ့ရသလို အရိုင်းဆန်သော မြေနီလွင်ပြင်တွေက မြင်းခွာထိခတ်သံတွေကြောင့် လွင့်ထလာသည့် ဖုန်မှု န့်သဲ့သဲ့တွေ။ရွာကလေးထဲက ကြောက်စိတ်တွေလွှမ်းမိုးနေကြသည့် ရွာသူရွာသားတွေ၏ အထင်ကြီးလေးစားစိတ်။အားကိုးလိုစိတ်တွေ တစ်ဖွဖွပေါ်လွင်နေသည့် စကားလုံးမျက်နှာထားတွေနှင့် ယင်းအရာများက သူတို့၏စိတ်ထားတွေအပေါ် ပြောင်းလဲရိုက်ခတ်သွားပုံ။မတရားမှု တွေအတွက် အနိုင်ရနိုင်ဖို့ ခဲယဉ်းမှန်းသိသော်လည်း ကိုယ်ကျိုးစွန့်ကာကွယ်ပေးသွားပုံတွေကို ကြည့်ရသည်မှာ ကျွန်တော်တို့ ခံစားသူတွေပါ ဝင်ရောက်တိုက်ခိုက်လိုစိတ်ဖြစ်သွားအောင် တင်ဆက်ပြနိုင်ခဲ့ပါသည်။
လူစွန့်စား ဘနာဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ချားလ်စ် ဘရွန်ဆင်၏ ဇာတ်ဝင်စကားလုံးတွေသည် သူရဲကောင်းအဓိပ္ပါယ်ကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထိုးပြနိုင်ခဲ့သည်။သူတို့၏ သေနတ်ပစ်ကျွမ်းကျင်မှု အပေါ် အထင်ကြီးနေကြသည့် ကလေးငယ်တွေကို “ငါတို့ဆီမှာ ဘာမှအထင်ကြီးစရာ မရှိဘူးသားတို့။မင်းတို့ရဲ့ဖခင်တွေကမှ သူရဲကောင်းစစ်စစ်တွေပါ။တိုက်ရေးခိုက်ရေးပညာဘာတစ်ခုမှ မတတ်မြောက်ပဲနဲ့ ကာကွယ်တွန်းလှန်နိုင်စရာ ဘာလက်နက်မှမရှိပဲနဲ့ ဖခင်ဖြစ်နေတဲ့စိတ်တစ်ခုတည်းနဲ့ ကာကွယ်ပေးတာကမှ သူရဲကောင်းပီသတာ “ဆိုသည့် စကားလုံးတွေမှာ လုံးဝ မှတ်သားထိုက်သည့် စကားတွေပင်ဖြစ်ပါသည်။
အဓိက ဗီလိန်အဖြစ်သရုပ်ဆောင်သွားတဲ့ မင်းသားကြီး အယ်လ်လီ ဝေါလတ်၏ သရုပ်ဆောင်သွားပုံတွေကလည်း လက်ရှိဇာတ်ကားထဲက ဗီလိန်ကြီးနှင့် လုံးဝ တန်းမဆိုင်လှပါ။
သူတို့ကိုယ်သူတို့ လူစွန့်စားအဖြစ် ခံယူသော်လည်း လူသားပီသတဲ့ အကြောက်တရားတွေကိုလည်း မြင်ခဲ့ရသည်။သေနတ်မပစ်တတ်သော်လည်း ခက်ရင်းခွနှင့် အသက်စွန့်ဝင်ခုတ်သည့် ရွာသူရွာသားတွေ၏ သတ္တိဗျတ္တိတွေကိုလည်း မြင်ခဲ့ရသည်။ယခုကားထဲကလို သေနတ်ဆယ်ချက်လောက်မှန်သော်လည်း မသေပဲဗုန်းထခွဲသည့် အိုဗာအက်ရှင်တွေ မပါဝင်ခဲ့ပါ။ဇာတ်ကောင်ခုနှစ်ယောက်၏ ပါဝင်မှု တွေကလည်း ဇာတ်တစ်ခုလုံးအချိုးညီလှသည် ။အခုဇာတ်ကားလို ဝရုန်းသုန်းကား မနိုင်လှပေ။
လက်ရှိဇာတ်ကားကမူ နောက်ခံမြင်ကွင်းတွေကို ရွာအစား မြို့ ငယ်ပုံစံပြောင်းပြီး ဗီလိန်က မူရင်း ဇာတ်ကားထဲက ဓါးမြထက် အင်အားကြီးထားသည်။သူရဲကောင်းခုနှစ်ယောက်ဇာတ်ကောင်တွေကလည်း ကွဲသွားသည်။ဇာတ်လမ်းသဘောတရားအရ ပြင်ဆင်ရမည်မှန်သော်လည်း အဓိက အချက်ဖြစ်သည့် ကြည့်ရှု သူတွေအပေါ် မတရားမှု တွေကို ပယ်ရှား ဆန့်ကျင်လိုသည့် စိတ်ထားတွေပေါ်ပေါက်စေအောင်ကတော့ ပေါ်လွင်အောင် တင်ပြပေးရမည်သာဖြစ်ပါသည်။သို့သော်လည်း ဇာတ်ကောင်တွေ၏ စရိုက်ခိုင်မာမှု တွေကလည်း ပျောက်ဆုံးနေပြန်သည်။တစ်ကန့်စီကနေသော ပြဇာတ်ကြီးတစ်ခုနှင့်သာတူနေလေသည်။သဘာဝကျကျ လက်တွဲညီသော Teamwork ပုံစံကို မမြင်ရသလို ။ဇာတ်လမ်းအတွန်းအပို့မှာလည်း မြန်ဆန်လွန်းလှသည်။ခေါင်းဆောင် ဒစ်ဇယ်ဖြစ်သူက ခေါ်လိုက်တာနှင့်တင် သူတို့တွေတစ်သီကြီးပါလာပုံက လွယ်ကူလွန်းလှသည်။ခိုင်မာသောတွန်းအားကိုမမြင်ခဲ့ရ။မူရင်းကားတွင်မူ ငွေလိုသဖြင့် လိုက်လာသော်လည်း လှစ်ခနဲထွက်ပြူ လာသည့် သနားကရုဏာသက်မှု ။ကိုယ်ကျိုးမဖက်လိုမှု တွေကို ရိုးသား၍ သနားဖွယ်ကောင်းသော ရွာသူရွာသားကလေးတွေဆီကနေကူးစက်ထွက်ပေါ်လာပုံကို လက်ခံမိအောင် ပြသသွားနိုင်ခဲ့သည်။တကယ့်ကို သနားဖွယ်ရာ ကာကွယ်ပေးသင့်သည့် အပြစ်မဲ့ရွာသားတွေပါကလား စသဖြင့် ရှေးရိုးဆန်ဆန် အမေရိကကျေးလက်အငွေ့အသက်နှင့်အတူ ပိုက်ထွေးခံစားခဲ့ရသည်။လက်ရှိဇာတ်ကားမှာမူ သေနတ်ပစ်ခန်း တစ်ဖုံးဖုံး တစ်ဒိုင်းဒိုင်းနှင့် အက်ရှင်ကားတစ်ကားထက် သတ်မှတ်လို့မရ။ဘယ်မှာလဲ အားကျဖွယ်ရာ အကျိုးပြု လိုစိတ်။ဘယ်မှာလဲ ချစ်ခင်မြတ်နိုးဖွယ် ညီညွှတ်သောပေါင်းစည်းမှု ပုံရိပ်တွေ။
ဒစ်ဇယ်ထံကနေ လိုချင်တာက အရင်သူဇာတ်ကားတွေထဲကလို အားကျလိုစိတ် အားကိုလိုစိတ်ကို ရယူချင်တာဖြစ်သည်။မြင်တွေ့ချင်တာဖြစ်သည်။အခုကားမှာမူ လုံးဝပျောက်ဆုံးနေသည်။ယမ်းခိုးယမ်းငွေ့တွေသာ ဖုံးလွှမ်းနေသည်။လူစွမ်းကောင်းလည်းမဟုတ် သူမိသားစုအတွက် ကလဲ့စားချေလိုသော လူတစ်ယောက်အဖြစ်သာ မြင်ခဲ့ရသည်။မူရင်းကားက အငွေ့အသက်တွေလုံးဝမမြင်ခဲ့ရ။အသစ်လို့ခံစားမှတ်ချက်ပေးရအောင်ကလည်း အသစ်ကပေးတဲ့ ခံစားမှု အသစ်ကလေးလည်း လုံးဝမရရှိခဲ့။
TMS 2016သည် ဖျော်ဖြေမှု ခေါင်းစဉ်အပေါ်ကို တက်မလာပဲ ဖျော်ဖြေရေးချောက်ကမ်းပါးထဲသာ ထိုးကျသွားခဲ့သည်ဟုသာ…
အညွှန်းကိုတော့ ညီလင်းအိမ် ရဲ့ Facebook Account မှကူးယူတင်ပြထားခြင်းဖြစ်ပါတယ်။
File Size – 2.1 GB
Quality – Blu-Ray 1080p 6CH
Running Time – 2hr 12min
Format – mkv
Genre – Action, Adventure, Western
Subtitle – Myanmar (Hard Sub)
Translator – Hein Htet
Encoded By – K#/4nt_M1nn_K0