အပမှီခံရတဲ့ Hannah Grace ဆိုတဲ့ မိန်းကလေးတစ်ယောက်။ လူသာ သေသွားတယ် အတွင်းမှာ ကိန်းအောင်းနေတဲ့ မကောင်းဆိုးဝါးက မသေသေးတဲ့သူ။ သေပြီး ၃ လအကြာ၊ ဆေးရုံ ရေခဲတိုက်ရောက်လာတဲ့အခါမှာတော့ အခုမှ အလုပ်ဝင်လာတဲ့ ရေခဲတိုက်က assistant နဲ့တကွ ဆေးရုံက ဝန်ထမ်းတွေကို ရန်ပြန်ပြုပါတော့တယ်။
Review (Spoiler Alert)
…
ဒီရုပ်ရှင်မှာ plot က ဘာမှကို မရှိပါဘူး။ ဟိုးတလောက ထွက်ခဲ့တဲ့ The Autopsy of Jane Doe နဲ့ ခပ်ဆင်ဆင်ပါပဲ။ လူသေကောင် တစ်ယောက်နဲ့ ရင်ခွဲရုံကလူတွေ တိုင်ပတ်တဲ့ ပုံစံ။ ဒီကားကတော့ ဆေးရုံမှာဆိုတော့ နည်းနည်းပိုခြောက်လို့ ကောင်းတာပေါ့။
ဇာတ်လမ်းပိုင်းကိုကြည့်မယ်ဆိုရင် ရုပ်ရှင်ဟာ တော်တော်လေးကို အလွယ်တည်ဆောက်ထားတယ်လို့ ပြောရမှာပါ။ သရဲပူးတဲ့ ကလေးမ သေတယ်၊ ရေခဲတိုက်ရောက်တယ်၊ ရေခဲတိုက်ကလူတွေကို ခြောက်တယ်။ ဒါပဲ။ ခြောက်တဲ့ လှန့်တဲ့ ရန်ပြုတဲ့အချက်တွေမှာလည်း plot hole တွေများပီး ဖြစ်ချင်တိုင်းဖြစ်နေတာတွေများတယ်။ ရှေ့နောက်မညီတာတွေ၊ အတင်းလုပ်ယူထားတာတွေ များတယ်။ ရေခဲတိုက်မှာ သူနဲ့ ဇာတ်လိုက်မရှိတယ်။ ဇာတ်လိုက်မ ကိုဘာမှမလုပ်ဘူး၊ တခြားသူတွေကိုပဲ လိုက်ရန်ရှာနေတယ်။ အဲလိုဆိုလို့ သူနဲ့ ဇာတ်လိုက်မ ဘာ special connection ရှိလဲဆိုတာမျိုးလည်း လုပ်မထားဘူး။ သူ့ကိုယ်သူ heal ပြန်လုပ်နေတယ်ဆိုရလောက်အောင် ခုလည်း လှုပ်ရှားသွားလာလို့ရနေတာပဲ။ ဆေးရုံခေါင်မိုးပေါ်ထိ သွားနိုင်သေးတဲ့သူက ဆေးရုံထဲမှာပဲ ပိတ်မိနေတာလည်း မဖြစ်နိုင်။ အဲလိုနဲ့ပဲ ဒီအတိုင်း ဦးတည်ချက်မဲ့ ရေခဲတိုက်ထဲလာတဲ့လူတွေပဲ လိုက်ပြဿနာရှာနေတတ်တဲ့ သရဲမပါ။ ဇာတ်လမ်းစစချင်းမှာ အဖွင့်လေးကောင်းခဲ့ပြီး အလယ်လောက်မှာ သိပ်ပြီး ရှေ့ဆက်မတက်ခဲ့တဲ့သလို နောက်ဆုံးဇာတ်သိမ်းပိုင်းမှာလည်း ထင်ထားသလောက် ကြမ်းတဲ့ ဇာတ်သိမ်းတစ်ခုမဖြစ်ခဲ့ဘဲ ဒီလိုဒီလိုနဲ့ပဲ သိမ်းသွားတာလည်း သိပ်အားမရစရာပါ။
ဒီလို ဇာတ်လမ်းပိုင်းမှာတော့ ကောင်းကွက်တော်တော်ရှားပေမဲ့ thriller ဘက်ပိုင်းမှာတော့ တော်တော်လေး သဘောကျမိပါတယ်။ ဇာတ်လမ်းအရရော setting အရပါ creepy မဖြစ်ဖြစ်အောင် အစွမ်းကုန်လုပ်ထားတယ်။ မင်းသမီးက ရဲမေဟောင်း၊ သူ့မှာလည်း စိတ်ဒဏ်ရာရလို့ trauma တွေဖြစ်၊ ထင်ယောင်ထင်မှားတွေ မြင်နေတွေးနေတတ်တဲ့သူ။ ပြောင်းလာတာက ဆေးရုံရဲ့ ရေခဲတိုက် ရင်ခွဲရုံ။ ဆေးရုံဆိုလို့လည်း မှန်တွေ မီးတွေနဲ့ လင်းလင်းရှင်းရှင်းမဟုတ်ဘဲ ကွန်မြူနစ်စစ်စခန်းတွေလို ကွန်ကရစ်တုံး ဆေးမသုတ်ထားတဲ့ မွဲခြောက်ခြောက် တိုက်ကြီး။ လုပ်တာကလည်း ညဘက်။ မီးကလည်း လူလာမှ လင်းတဲ့ sensor မီးလုံးတွေ။ မှောင်လိုက်တာလည်း ပြောမနေနဲ့ အိမ်သာတောင် ဆိုင်းဘုတ်ပဲ မြင်ရတယ် အကုန်အမှောင်ပိတ်။ လူလည်း တစ်ယောက်မှမရှိ။ ကားပါကင်ဆို ပိုဆိုး။ ဒီလိုအချက်တွေက အတင်းလုပ်ယူထားတယ်လို့လည်း ပြောလို့ရပေမဲ့ ဒါတွေကြောင့်လည်း ကြည့်တဲ့သူက မွမ်းကြပ်ပြီး မောလာသလို စိတ်ကျဉ်းကျပ်လာတာမျိုးတွေ ဖြစ်လာစေတယ်။ တခြားကောင်းကွက်တွေဆိုရင်တော့ mood and tone မိုက်တယ်၊ camera work တွေမိုက်တယ်၊ shot တွေမှာ တော်တော်လေးလှတာလေးတွေ ပါတယ်။ သရဲကားဆိုတဲ့အတိုင်း အသံပိုင်းတွေလည်းမိုက်တယ်။
အဲဒီအတွက် Hannah Grace ဟာ ရုပ်ရှင်ကားကောင်းတစ်ကားရယ်တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ သရဲကားတစ်ကားအနေနဲ့တော့ တော်တော်လေးမိုက်တဲ့အထဲမှာ ပါပါတယ်။ Jump scare တွေသုံးထားပေမဲ့ အရမ်းကြီးလုပ်မထားဘူး။ တချို့ကားတွေလိုလည်း သေလောက်အောင် ဖြဲခြောက်နေတာမျိုးလည်း မဟုတ်ဘူး။ တစ်ခုရှိတာက အပေါ်မှာပြောခဲ့သလို ဇာတ်လမ်းက ဘာမှထူးခြားတာမျိုး၊ ရှေ့တိုးနေတာမျိုးလည်းမရှိတော့ ဒီလိုပဲ ခြောက်လိုက် သေလိုက် ခြောက်လိုက် သေနဲ့ဆိုတော့ တစ်ဝက်ကျော်လောက်ရောက်ရင် နည်းနည်းလေးတော့ ရိုးသွားနိုင်ပါတယ်။ ဒါပေမဲ့ သရဲကား၊ ကြောက်စရာကောင်းတဲ့ကားကြည့်ချင်ပါတယ်ဆိုရင် သွားကြည့်ကြပါ။ ကြည့်ရတန်တဲ့ကားတစ်ကားဖြစ်ပါတယ်။
Credit : DatShin
Translator — Aung Myint Oo
Encoder — K#/4nt_M1nn_K0